အန္တရာယ်များပတ်လည်ဝိုင်းနေသည့် ယူကရိန်း၏ ခါဆန်ဆိပ်ကမ်းမြို့

မကြာသေးမီက ရုရှားတို့ထိန်းချုပ်မှု အောက်မှ လွတ်မြောက်ခဲ့သည့် ခါဆန်မြို့ တွင်နေထိုင်သည့် ယူကရိန်း အမျိုးသားတစ် ဦးဖြစ်သူ အန်ဒရီ ကရီဗော့သည် လူသားတစ် ဦးသေဆုံးပြီးနောက် ကြုံတွေ့ရဖွယ်ရှိသည့် နောက်ဘဝအကြောင်းကို တစိမ့်စိမ့်တွေးဆ နေပြီး သူနှင့်အတူ သားသမီးသုံးယောက် မွေးဖွားခဲ့သည့် သူနာပြု မိန်းကလေးနှင့် လက်ထပ်ပွဲတွင် ခင်ပွန်းဖြစ်သူ စောင့်ထိန်းရမည့် ကတိသစ္စာစကားများကို တီးတိုးရေရွတ်နေသည်။

ဂဟေဆော်သည့် အလုပ်ဖြင့် အသက် မွေးဝမ်းကျောင်းပြုနေသည့် ကရီဗော့သည်  ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန် ထိုးစစ် ကြောင့် ခါဆန်မြို့မှ ဆုတ်ခွာသွားခဲ့သည့် ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ တောင်ပိုင်း စစ်မျက်နှာပေါ် တွင်ရှိနေသည့် ခါဆန်မြို့ကို လက်တုံ့ပြန်တိုက်ခိုက်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင် ထားသည်။ ယူကရိန်း၏ အမြောက်သံများအောက်တွင် ပြုလုပ်သည့် ၎င်း၏ လက်ထပ်ပွဲအခမ်းအနားမှာ တိတ်ဆိပ်ငြိမ်သက် နေသည်။ ဘုရားကျောင်းအလွတ်တစ်ခုထဲတွင် ကရီဗော့တို့ စုံတွဲသည် အော်သိုဒို့စ် ဘုန်းတော်ကြီးတစ်ပါးကို ဦးညွှတ်ကာ လက်ထပ်ပွဲပြုလုပ်ခဲ့ကြသည်။ ခါဆန်မြို့မှ ဆုတ်ခွာခဲ့သည့် ရုရှားတပ်ဖွဲ့များသည် ဘုရားကျောင်းအနီးမှ အောက်ဘက်သို့စီးဆင်းနေသည့် နီပရိုမြစ်၏ အရှေ့ ဘက်ကမ်းခြေမှ ခါဆန်မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသည်။

ယူကရိန်းစစ်ပွဲစတင်ခဲ့ချိန်ကတည်းက ပြီးခဲ့သည့် သီတင်းပတ်အထိ ရုရှားတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည့် ခါဆန်မြို့တွင် မိုင်းကွင်းများနှင့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ပျက်စီးနေသော လမ်းများကို မြင်တွေ့ရမည်ဖြစ်သည်။ ရုရှားတပ်ဖွဲကများသည် ခါဆန်ကို မကြာမီအချိန်အတွင်း ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု ကရီဗော့က ကြိမ်းသေပေါက် ယူဆထားသည်။ “ကျွန်တော်တို့ မနက်ဖြန် သေရင်လည်း သေနိုင်ပါတယ်”ဟု သူ့ဘဝ သက်တမ်းအတွင်း ကာလကြာရှည်လက်တွဲခဲ့သည့် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည့် အသက် ၄၉ နှစ်အရွယ် ကရီဗော့က ပြောကြားခဲ့သည်။

“အခုဆိုရင် ခါဆန်ဟာ ရှေ့တန်းစစ်မြေပြင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ သူတို့ (ရုရှားတပ်ဖွဲ့များ) ဗုံးကြဲချိန်မှာ ကျွန်တော်တို့ဟာ ခင်ပွန်းနဲ့ဇနီးသည်အဖြစ် ဘုရားသခင်ရှေ့မှာ ရှိနေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ခါဆန်မြို့မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားမှုသည် ကိုးလနီးပါးကြာဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ယူကရိန်းတို့ ထိန်းချုပ်ထားသည့် နိုင်ငံတောင်ပိုင်းကို ပြန်လည်ပုံဖော်မှုတွင် အဓိကကျသည့် အခြေအနေတစ်ခုအဖြစ် မျှော်လင့်ခံခဲ့ရသည်။ ခါဆန်သည် ရုရှားအစိုးရအတွက် အရေးကြီးသည့်မြို့ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ခါဆန်မြို့သည် ရုရှားတို့ သိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ယူကရိန်း၏ အိုဒက်ဆာဆိပ်ကမ်းမြို့ကို ချိတ်ဆက်ထားခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် ယူကရိန်း၏ တောင်ပိုင်းကမ်းရိုးတန်းဒေသတစ်ခုလုံးကို သိမ်းပိုက်လိုသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အစီအစဉ်များကို ပျက်စီးစေခဲ့သည့် ယူကရိန်း၏ လျင်မြန်သည့် တန်ပြန်ထိုးစစ် စတင်ပြီးနောက်  သုံးလအကြာတွင် ခါဆန်မြို့ကို ဂရုတစိုက် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ခါဆန်သည် နိုင်ငံအရှေ့ ပိုင်းဒေသများကို ချီတက်နေသည့် ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်တွင် ညှပ်ပူးညှပ်ပိတ်ပစ်ခတ်တိုက်ခိုက်မှုအလယ်တွင် ရှိနေသည်။ ရုရှားတပ်ဖွဲ့များ ပြန်လည်စုစည်းနိုင်ရန် အခွင့်အရေး မရမီအချိန်တွင် ယူကရိန်းတပ်များက ကြိုတင်တိုက်ခိုက်ဖွယ်ရှိနေသဖြင့် ခါဆန်မြို့တွင် အန္တရာယ်အငွေ့အသက် များဖြင့် ပြည့်နှက်နေသည်။ “တိုက်ခိုက်မှုတွေခဏ နားလိုက်တာက ရုရှားတပ်တွေအတွက် ပိုကောင်းစေပါတယ်။ အဲဒါကြောင့် ယူကရိန်းဟာ တန်ပြန်ထိုးစစ်ကို မရပ်မနား လုပ်ဆောင်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်”ဟု အမေရိကန် အခြေစိုက် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သုတေသနဌာနမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ရော့ဘ်လီက ပြောကြား ခဲ့သည်။

ရုရှားတပ်များသည် ခါဆန်မှ ၎င်းတပ်များကို ရုပ်သိမ်းကာ နီပရိုမြစ်၏ အရှေ့ ဘက်ကမ်းခြေတွင် ခံစစ်စည်း ပြင်နိုင်ခဲ့သည်ဟု အနောက်နိုင်ငံများမှ အရာရှိများက ပြောကြားခဲ့သည်။ ခါဆန်မြို့ကို ရုရှားတပ်များက လက်တုံ ့ပြန်တိုက်ခိုက်မည့် အခြေအနေမှာ အလွန်မြင့်မားနေပြီး ရုရှားတပ်များသည် ဗုံးကြဲတိုက်ခိုက်မှုများကို စတင် လုပ်ဆောင် လိမ့်မည်ဟု ကရီဗော့က ၎င်း၏ ဇနီးသည် နာတာလီယာ၏ လက်ကို ဆုပ်ကိုင်ရင်း ပြောကြားခဲ့သည်။

သက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မွေးမြူရေးလုပ်သားဟောင်းဖြစ်သူ လင်ဒီယာ ဘီလိုဗာကလည်း ယင်းအခြေအနေ အတွက် အသင့်ပြင်ထားသည်ဟု ဆိုသည်။ ရုရှားတပ်ဖွဲ့များသည် ခါဆန်မြို့၏ ဓာတ်အားလိုင်းစနစ်နှင့် မြို့အတွင်းရှိ အခြေ ခံအဆောက်အအုံအများစုကို ဖျက်ဆီးသွားခဲ့သည်။ ဘီလိုဗာသည် ခါဆန်မြို့ထဲတွင် ရုရှားစစ်သားများက စတိုးဆိုင်များကို မွှေနှောက်ပြီး ပစ္စည်းများကို ယူဆောင်မှုများနှင့် ၎င်းတို့ ထုတ်ပြန်ထားသည့် အမိန့်များကို မနာခံသူများကို ဖမ်းဆီးသည့်မြင်ကွင်းများကို ရှစ်လကျော်ကြာ မြင်တွေ့ခဲ့ရသည်။

ယင်းအခက်အခဲများသည် ရုရှားတပ်ဖွဲ့များကို ပြန်လည်တွန်းလှန်တိုက်ထုတ်နိုင်မှုနှင့် နှိုင်းယှဉ်ပါက ပေးဆပ်ရ ကျိုးနပ်သည်ဟု ဘီလိုဗာက ယူဆထားသည်။ “လွတ်လပ်မှုဆိုတာက အမြဲတမ်း အရေးကြီးပါတယ်။ ရေကပြဿနာ မဟုတ်ပါဘူး။ ရေရဖို့ ကျွန်မတို့ တန်းစီစောင့်ဆိုင်းနိုင်ပါတယ်။ ဒါပေမယ့် ယူကရိန်းနိုင်ငံကိုတော့ ကျွန်မတို့ ကာကွယ်ရမှာပါ”ဟု ဘီလိုဗာက မြို့ထဲရှိ ရေပေးဝေသည့်နေရာတစ်ခုတွင် ရေရရှိရန် တန်းစီစောင့်ဆိုင်းနေစဉ် ပြောကြားခဲ့သည်။

စစ်ပွဲမဖြစ်ပွားမီအချိန်က ခါဆန်နှင့် ၎င်း၏အိမ်နီးချင်း ဇာပိုရီရှားဒေသတို့သည် ရုရှား၏ ထိန်းချုပ်မှုအောက်တွင် မရှိခဲ့ပေ။ သို့သော် ရုရှားသည် ယူကရိန်းအရှေ့ပိုင်း လူဟန့်နှင့် ဒိုးနက်ဒေသတို့တွင် ၂၀၁၄ ခုနှစ်က ၎င်းအား လိုလားသည့် ခွဲထွက်ရေးသမားများ၏ သောင်းကျန်းမှုများအတွင်း ယင်းဒေသနှစ်ခု၏ နယ်မြေအချို့ကို တိုက်ရိုက် မဟုတ် သည့်တိုင် သွယ်ဝိုက်အုပ်ချုပ်သည့်ပုံစံဖြင့် ကျင့်သုံးခဲ့သည်။ ယင်းဒေသများတွင် ပူတင်ကို ဆန့်ကျင်သူများ အထူးသဖြင့် လူငယ်အများစုသည် နိုင်ငံအနောက်ပိုင်းဒေသများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ လက်ရှိ ခါဆန်တွင် ဖြစ်ပွားနေသည့်အခြေအနေများကြောင့် ကျန်းမာရေးဝန်ထမ်းများအကြား သဘောထားကွဲလွဲမှုများလည်း ဖြစ်ပွား ခဲ့သည်ဟု ခါဆန်ဆေးရုံ ညွှန်ကြားရေးမှူး အိုင်ရီနာစတာရိုဒူမိုဗာက ပြောကြားခဲ့သည်။ ရုရှား၏ ကျူးကျော်မှုကြောင့် ၎င်း၏ ဆေးဘက်ဝန်ထမ်းထက်ဝက်ခန့်ကို ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ယင်းဆေးဘက်ဝန်ထမ်းများသည် ရုရှား၏ အုပ်ချုပ်မှုကို လက်ခံခဲ့ကြသည်ဟု စတာရိုဒူမိုဗာက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ရုရှားလိုလားသည့် အမြင်မတူ သူများ နှင့် အလုပ်တွဲလုပ်ရသည့် အခြေအနေကို အလွန်သည်းခံခဲ့ရသည်ဟု စတာရိုဒူမိုဗာက ပြောကြားခဲ့သည်။ ခါဆန်မြို့ရှိ ခရစ်ယန်ဘုန်းတော်ကြီး တစ်ပါးဖြစ်သည့် ပရိုတိုဒေကွန်အန်ဒရီကမူ ရုရှားစစ်သားများသည် ၎င်း၏ ဘုရားကျောင်းမှ သမိုင်းဝင်အမွေအနှစ်များကို ရုရှားစစ်သားများက ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။ “ရုရှားတပ် တွေဟာ သူတို့ကိုယ်သူတို့ ဘာလဲဆိုတာ မပြသနိုင်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ သူခိုးတပ်တွေဆိုတာကိုတော့ ပြသ  ခဲ့ကြပါတယ်”ဟု ဘုန်းတော်ကြီး အန်ဒီရီက ပြောကြားခဲ့သည်။               Ref: AFP