အမေရိကန်နိုင်ငံသို့ သတင်းအချက်အလက်များ ပေါက်ကြားစေမှုဖြင့် သိပ္ပံပညာရှင်ကို အီရန် ကွပ်မျက်

42747327

တီဟီရန် သြဂုတ် ၈

လျှို့ဝှက်သတင်းအချက်အလက်များ အမေရိကန်နိုင်ငံသို့ ပေးပို့ မှုဖြင့် နျူကလီးယားသိပ္ပံပညာရှင် တစ်ဦးကို ကွပ်မျက်လိုက်ကြောင်း အီရန်နိုင်ငံက ပြောကြားသည်။ ၎င်းသည် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်မည်ဟု ယူဆရသည်။

နျူကလီးယားသိပ္ပံပညာရှင် ရှာဟရမ် အမီရီသည် နိုင်ငံ၏နျူကလီးယားနှင့် ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက် သတင်းအချက်အလက်များကို ဖတ်ခွင့်ရှိသူ တစ်ဦးဖြစ်ကြောင်း အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ အမီရီသည် အီရန်နိုင်ငံ၏ နံပါတ်တစ်ရန်သူဖြစ်သည့် အမေရိကန် နိုင်ငံနှင့် ဆက်နွှယ် ပတ်သက်နေသည့် အတွက် သူလျှိုမှုဖြင့် သေဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အမီရီသည် ၂ဝဝ၉ ခုနှစ်က ဆော်ဒီအာရေဗျနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည်။ နောက် တစ်နှစ်ခန့်အကြာတွင် အမေရိကန်နိုင်ငံတွင် ပြန်လည်ပေါ်ထွက်လာပြီး အီရန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ အီရန်အာဏာပိုင် များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အမီရီက အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသော်လည်း အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံသို့ ပေါက်ကြား စေမှုမရှိခဲ့ကြောင်း ပြောကြားသည်။

၂ဝ၁၅ ခုနှစ်တွင် အီရန်နိုင်ငံနှင့် အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့အင်အားကြီး ခြောက် နိုင်ငံတို့သည် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့သည်။ သို့သော် အီရန်နိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှု အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်နှင့် အီရန်နိုင်ငံကြား သဘောထား ကွဲလွဲနေဆဲဖြစ်သည်။

အင်န်အိတ်ခ်ျကေ။
MOI Webportal Myanmar


Leave a Reply