ဆွီဒင်နှင့် ဖင်လန် နေတိုးဝင်ခွင့် ကန်အထက်လွှတ်တော် အတည်ပြု

ရုရှား-ယူကရိန်း အရေးအခင်းနှင့် ပတ်သက်၍ ရုရှား၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် အထက်လွှတ်တော်သည် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အား နေတိုးအဖွဲသို့ ဝင်ရောက်ခွင့် အတည်ပြုလိုက်ပြီ ဖြစ်သည်။

နိုင်ငံပေါင်း ၃၀ ဖြင့်ဖွဲ့စည်းထားသော နေတိုးမဟာမိတ်အဖွဲ့၏ ၁၉၉၀ပြည့်နှစ်များ နောက်ပိုင်း အထင်ရှားဆုံး အဖွဲ့ဝင် တိုးချဲ့မှုဖြစ်လာသည်။

ဖင်လန်နှင့် ဆွီဒင်တို့အား နေတိုးဝင်ခွင့်ပြုရေး အတည်ပြုရန်အတွက် အထက်လွှတ်တော်တွင် မဲခွဲခဲ့ရာ ထောက်ခံမဲ ၉၅ မဲ ဆန့်ကျင်မဲ တစ်မဲဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်ကာ အတည်ပြုနိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် တွင် စတင်ခဲ့သော ယူကရိန်းရှိ ရုရှား၏ အထူးစစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ဆွီဒင်နှင့် ဖင်လန်နှစ်နိုင်ငံတို့သည် နေတိုးအဖွဲ့ဝင် လျှောက်ထားခဲ့သည်။

 ရုရှားသည် ၎င်းနှစ်နိုင်ငံအား နေတိုးသို့ မဝင်ရန် အကြိမ်ကြိမ်သတိပေးခဲ့ကာ မတ်လ ၁၂ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝင်ရောက်ပါက ပြင်းထန်သော စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များ ရှိလာမည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ၌ နေတိုးအဖွဲ့ဝင် ၃၀ နိုင်ငံစလုံးက ၎င်းနှစ်နိုင်ငံအတွက် ဝင်ရောက်ခွင့်ဆိုင်ရာ ညှိနှိုင်းချက် မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါဆံုးဖြတ်ချက်အား ပါလီမန်များက အတည်ပြုပြီးသည်နှင့် အမေရိက ဦးဆောင်သော နျူကလီးယားလက်နက် မဟာမိတ်အဖွဲ့တွင် ၎င်းတို့အား ပါဝင်ခွင့်ပြုမည် ဖြစ်သည်။

ယခုလက်ရှိအချိန်၌ ဖင်လန်နှင့် ဆွီဒင်တို့သည် နေတိုးအဖွဲ့ အစည်းအဝေးများတွင် တက်ရောက်ခွင့်နှင့် သတင်းအချက်များ ရယူခွင့်တို့ကို ရရှိနေပြီသည်။

သို့သော် ၎င်းနှစ်နိုင်ငံသည် နေတိုးကာကွယ်ရေးစာပိုဒ်တွင် ဖော်ပြထားသော မဟာမိတ်တစ်ဦးကို တိုက်ခိုက်ခြင်းသည် အားလုံးကို တိုက်ခိုက်ခြင်းဟူသော ပုဒ်မ ၅ ၏ ကာကွယ်မှုကိုမူ မရှိသေးပေ။

အထက်ပါ ပုဒ်မ ၅၏ ကာကွယ်မှုကို ရရှိရန် နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ လုံးက အဆိုပါနှစ်နိုင်ငံ၏ ဝင်ရောက်ခွင့်ကို အတည်ပြုရမည်ဖြစ်သည်။

ထိုသို့ အတည်ပြုခြင်းသည် တစ်နှစ်အထိ ကြာနိုင်သော်လည်း အမေရိကအပါအဝင် ကနေဒါ၊ ဂျာမနီ၊ အီတလီနှင့် နိုင်ငံအနည်းငယ်က အတည်ပြုခဲ့ပြီး ဖြစ်သည်။

 

Source: Reuters