လာမည့်ရွေးကောက်ပွဲတွင် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ပြန်လည်ရွေးချယ်ခံမည်

14047308_1082840691808817_1113710987490584928_o

ပါရီ သြဂုတ် ၂၃

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ က လာမည့်နှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပြန်လည် ရွေးချယ်ခံမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။

ဆာကိုဇီက ၂ဝ၁၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက် ပွဲတွင် သမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ လူမှုမီဒီယာစာမျက်နှာ တွင် တနင်္လာနေ့က ရေးသားဖော်ပြခဲ့သည်။

ဆာကိုဇီ၏ လက်ယာယိမ်း ရီပတ်ဘလီကန်ပါတီ သည် သမ္မတသက်တမ်း တစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်ရွေးကောက်ပွဲတွင် ဖရန်ဆွာဟော်လန်း၏ လက်ဝဲယိမ်း ဆိုရှယ်လစ်ပါတီကို ရှုံးနိမ့်ခဲ့ရသည်။

ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းနှင့် စီးပွားရေးကျဆင်းမှုကာလ ကြာရှည်နေခြင်းကြောင့် လက်ရှိသမ္မတ ဖရန်ဆွာ ဟော်လန်း ကို လူထုထောက်ခံမှု ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်းလျက် ရှိသည်။

ရီပတ်ဘလီကန်ပါတီအတွင်းမှာပင် ဝန်ကြီးချုပ်ဟောင်း နှစ်ဦးဖြစ်သည့် အလန်ဂျူပီနှင့် ဖရန်ဆွာဖီယွန်တို့သည်လည်း ရွေးကောက်ပွဲတွင် ဝင်ရာက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ရီပတ်ဘလီကန်ပါတီ သည် သမ္မတလောင်း တစ်ဦး ရွေးချယ်နိုင်ရေးအတွက် အကြိုရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပသွားမည်ဖြစ်သည်။ ဆိုရှယ်လစ်ပါတီ အပါအဝင် လက်ဝဲယိမ်းပါတီများသည်လည်း ၎င်းတို့၏ အကြိုရွေးကောက်ပွဲကို လာမည့်နှစ်ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြသည်။

ဖရန်ဆွာဟော်လန်းက ဒီဇင်ဘာလတွင် ထွက်ပေါ်လာမည့် ပြင်သစ်နိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် စဉ်းစား သုံးသပ်ပြီးမှသာ ရွေးကောက်ပွဲတွင် ဝင်ရောက် ရွေးချယ်ခံရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လူထုစစ်တမ်းများအရ လက်ယာစွန်းအမျိုးသား တပ်ဦးခေါင်းဆောင် မာရီလီပန်ကို ထောက်ခံမှုမှာ ၂ဝ ရာခိုင်းနှုန်း မြင့်တက်လာခဲ့သည်။ အမျိုးသားတပ်ဦးပါတီက ၎င်းတို့၏ ပါတီညီလာခံကို လာမည့်လတွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားသည်။

အင်န်အိတ်ခ်ျကေ။


Leave a Reply