တောင်ကိုရီးယား၌ ငါးနှစ်သားမှစ၍ ကျောင်းအပ်နှံရမည့်အစီအစဉ်ကို မိဘများ၊ဆရာများ ကန့်ကွက်ဆန္ဒပြ

တောင်ကိုရီးယား မိဘများနှင့် ဆရာများသည် အစိုးရက အကောင်အထည်ဖော်ရန်ရှိသည့် ကလေးများအား ငါးနှစ်သားမှစ၍  ကျောင်းအပ်နှံရမည့် အစီအစဉ်ကို ဩဂုတ်လ ၁ ရက် တနင်္လာနေ့တွင် ကန့်စု‌ဝေးဆန္ဒပြခဲ့ကြသည်။

မိဘများနှင့် ဆရာများက ထိုအရွယ် ကလေးများသည် ဉာဏ်ရည်ဉာဏ်သွေးအရ ကျောင်းတက်ရန် အဆင်သင့်မဖြစ်သေးကြောင်းနှင့် ၎င်းအပြောင်းအလဲကြောင့် ကလေးထိန်းဌာနများ ရှာဖွေရာတွင် အခက်အခဲများ တိုးလာမည်ဖြစ်ကြောင်း ပြောဆိုကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လူထုထောက်ခံမှုရရှိပါက ၂၀၂၅ ခုနှစ် နှစ်စမှ စတင်ကာ အသက်အရွယ်လျှော့ချ၍ ကျောင်းအပ်နှံရမည့် အစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဟု ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အပတ်၌ ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကလေးမွေးဖွားနှုန်း အလွန်ကျဆင်းလာသောကြောင့် လုပ်သားအင်အားများ ကျဆင်း‌ေနသဖြင့် ပြည်သူများ၏ ပညာရေးကို စောစွာပြီးမြောက်အောင် လုပ်ဆောင်ကာ လုပ်သားအင်အား တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

ဆရာ၊ ဆရာမ ၃၆ ဦးနှင့် မိဘများ စုပေါင်းထားသောအဖွဲ့ သည် တနင်္လာနေ့၌ သမ္မတရုံးရှေ့တွင် လူထုစုဝေးမှုပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။မိဘများမှ ထိုသို့ကန့်ကွက်ရခြင်းမှာ ကလေးများ နေ့လယ်ပိုင်း ကျောင်းဆင်းပြီးနောက်ပိုင်း ပြုစုစောင့်ရှောက် ပေးမည့် နေရာများရှာရခက်ခြင်းကြောင့် ဖြစ်သည်။တောင်ကိုရီးယားရှိ မိသားစုအများစုတွင် မိဘနှစ်ပါးစလုံးက အလုပ်လုပ်ကြရပြီး ကလေးထိန်းဌာနများသည်လည်း ယေဘုယျအားဖြင့် ကလေးများအား စောင့်ရှောက်ပေးရန် တစ်နေကုန်အပ်နှံထားမှသာ လက်ခံကြသည်။

ဆရာ၊ ဆရာမများမှာမူ ငါးနှစ်သားများသည် ကျောင်းတက်ရန် ငယ်ရွယ်လွန်းသည် သာမက မိဘများသည် ကလေးများ ကျောင်းတက်ချိန်မှစ၍ မိမိ ကလေး ထိပ်တန်းရောက်စေရေးအတွက် ပုဂ္ဂလိကကျူရှင်များ ကိုအားကိုးလာမည်ဖြစ်သဖြင့် နှောက်ပိုင်းတွင် ကလေးများ သာမက မိဘများပါ ဝန်ပိလာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟု သိရသည်။ပညာရေးဝန်ကြီးဌာနက အထက်ပါအစီအစဉ်နှင့် ပတ်သက်၍ ပြည်သူများထံမှ လုံလောက်သော တုံ့ပြန်ချက်ရရှိရန် မျှော်လင့်ထားကြောင်းနှင့် ရှေ့ပြေးအစီအစဉ်မစတင်မီ ကလေးထိန်းဌာနနှင့် အခြားပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  Source: CNA