စွမ်းဆောင်ရည်မြင့် 3nm Chips များ အမြောက်အမြား ဆမ်ဆောင်း ထုတ်လုပ်တော့မည်

တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်း ကုမ္ပဏီဟာ နည်းပညာမြင့် 3nm Chips တွေကို လာမယ့်သီတင်းပတ်က စပြီး အမြောက်အမြား ထုတ်လုပ်တော့မယ်လို့ ယွန်ဟတ်သတင်းဌာန က ဖော်ပြထားပါတယ်။

ဒီနှစ် ဒုတိယနှစ်ဝက်အတွင်း 3nm Chips တွေထုတ်လုပ်ဖို့ရည်မှန်းထားတဲ့ TSMC ထက်ခြေတစ်လှမ်းအသာနဲ့ ဆမ်ဆောင်းက အခုလိုထုတ်လုပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ဒီအမျိုးအစားဟာ 5nm Chips တွေထက် စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ပါဝါသုံးစွဲမှုကတော့ ၅၀ ရာခိုင်နှုန်း လျော့နည်းပါတယ်။

ဒါဟာ Snapdragon 888 နဲ့ Exynos 2100 တို့ထက် စွမ်းဆောင်ရည်သာလွန်နေပြီး Chips ရဲ့ အရွယ်အစားကလည်း ၃၅ ရာခိုင်နှုန်း အထိ သေးငယ်သွားပြီး ထရန်စစ္စတာတွေ အတွက် Gate All Around (GGA) နည်းပညာကို အသုံးပြုထားလို့ဖြစ်ပါတယ်။

ဆမ်ဆောင်းဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာလည်း 3nm Chips စက်ရုံတစ်ရုံတည်ဆောက်ဖို့ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ဒီစက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၇ ဘီလီယံအထိ မြင့်တက်သွားနိုင်ပြီး ၂၀၂၄ ခုနှစ်မှာ စက်ရုံလည်ပတ်ဖို့ ဆမ်ဆောင်းက မျှော်လင့်ထားပါတယ်။