ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သဲဖြူကုန်းကျေးရွာ သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်း

 

ပေါင်၊ သြဂုတ် ၂၂

မွန်ပြည်နယ်သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင်များသည် မိုးရွာသွန်းမှု များပြားခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မြေပြိုကျခဲ့သည့် နေရာအား ကြည့်ရှု့ပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများအတွက် အလှူငွေလှူဒါန်းပွဲ၌ ပါတီဗဟိုမှ ပေးအပ်သည့် အလှူငွေကျပ် သိန်းသုံးဆယ်အား လူမှုရေးအသင်းအဖွဲ့များထံ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အလှူငွေလှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးမှ မြို့နယ်အတွင်း သဘာဘေးအန္တရာယ် ကျရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အလှူငွေ ပေးအပ်လှူဒါန်းရာ မွန်မြတ်ကာရုည လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးမင်းဦးမှ လက်ခံရယူပြီး မွန်မြတ်စေတနာလူမှု ကူညီရေးအသင်း အတွင်းရေးမှူး ဦးတင်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အလှူငွေလှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်၊ ခရိုင် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။