မွတ်စလင်တို့၏ ချက်ချင်းကွာရှင်းမှု တရားမဝင်ကြောင်း အိန္ဒိယလွှတ်တော် မဲခွဲဆုံးဖြတ်

မွတ်စလင်အမျိုး သားတစ်ဦးက ၎င်း၏ဇနီးကို ချက်ချင်း ကွာရှင်းခွင့်ရှိသည့် ရာစုနှစ်များစွာ သက်တမ်းရှိသော အခွင့်အရေးကို တရားမဝင်ဟု သတ်မှတ်သည့် ဥပဒေကြမ်းတစ်ရပ်ကို အိန္ဒိယလွှတ်တော်က အတည်ပြုသဖြင့် အစိုးရသည် လူ့အသိုင်း အဝိုင်းကိစ္စတစ်ခုတွင် ကြားဝင် စွက်သည်ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်လာသည်။

မွတ်စလင်အမျိုးသားတစ်ဦးအနေဖြင့် ၎င်း၏ဇနီး ရှေ့မှောက်တွင် အာရပ်ဘာသာဖြင့် ကွာရှင်းသည်ဟု အဓိပ္ပာယ်ရသော ‘တာ လက်ခ်’ဟု သုံးကြိမ်ရွတ်ဆိုခြင်းဖြင့် လင်မယားကွာရှင်းနိုင်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရက တွန်းအားခဲ့သည်။

အင်္ဂါနေ့က အထက်လွှတ် တော်တွင် မဲခွဲအတည်ပြုပြီးနောက် ဥပဒေဖြစ်လာရန် သမ္မတက တရားဝင်ကြောင်း လက်မှတ်သာလိုမည်ဖြစ်သည်။ ချက်ချင်းကွာရှင်းခြင်း အလေ့အထကို လက်ခံကျင့်သုံးသူ မည်သူမဆို တရားစွဲခံရမည့် ယင်းဥပဒေကြမ်းကို အောက်လွှတ်တော်က ပြီးခဲ့သည့် သီတင်းပတ် ၌ ထောက်ခံခဲ့သည်။

အိန္ဒိယသည် ယင်းအလေ့ အထဥပဒေများတွင် ရှင်သန်ခဲ့သော နိုင်ငံအနည်းငယ်အနက်တစ်နိုင်ငံဖြစ်သည်။

တာလက်ခ်သုံးကြိမ် ရွတ်ဆိုသော အလေ့အထသည် မှားယွင်းကြောင်း အိန္ဒိယမွတ်စလင်အဖွဲ့ အချို့က ပြောသော်လည်း ယင်းကို အစိုးရက ဆုံးဖြတ်ခြင်းထက်လူ့အသိုင်းအဝိုင်း ခေါင်းဆောင်များက ပြန်လည် သုံးသပ်သင့်သည်ဟု ပြောသည်။ အာဏာရ BJP ပါတီသည် ဟိန္ဒူအသိုင်းအဝိုင်းကို ပြုပြင် ပြောင်းလဲရန် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ မွတ်စလင်များကို ပစ်မှတ်ထားနေကြောင်း အတိုက်အခံပါတီ လွှတ်တော်အမတ် အိုဝိုင်ဘီ က ပြောသည်။ BJP သည် လူနည်းစု မွတ်စလင်များကို ဆန့်ကျင်သော ဘက်လိုက်မှုများရှိသည်ဟု ဝေဖန်သူများက စွပ်စွဲနေသည်မှာ ကြာပြီဖြစ်သည်။ —Ref: Reuters