အိန္ဒိယနိုင်ငံ ရန်ချီမြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ဆယ်ကျော်သက် ၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဂျာခန်ပြည်နယ်၊ ရန်ချီမြို့မှာ ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင် တွေ ဇွန် ၁၀ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဆယ်ကျော်သက် နှစ်ယောက် သေဆုံးခဲ့ပါတယ်။

လက်ရှိ အာဏာရပါတီ အရာရှိ နှစ်ယောက်က တမန်တော် မိုဟာမတ်နဲ့ ပတ်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့ပြီးတဲ့နောက် ခုလိုဖြစ်တာလို့ ရဲက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။

လက်ရှိ အာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီ BJP ကတော့ ပါတီဝင် အရာရှိ နှစ်ယောက်ရဲ့ တမန်တော် မိုဟာမတ်နဲ့ ပတ်သက်ပြီးပြောဆိုချက်တွေရဲ့ အစိုးရရဲ့ ရပ်တည်ချက်ကို မထင်ဟပ်ဘဲ တရားမဝင်မှတ်ချက် ပေးခဲ့တာသာဖြစ်တယ်လို့  ပြောပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်မှုကို  ဖြိုခွဲဖို့ ရဲတွေက သေနတ် ပစ်ဖောက်ခဲ့ရပေမဲ့ သေဆုံးသူ နှစ်ယောက်က ရဲကြောင့် သေတာလား အဓိကရုဏ်းသမားတွေကြောင့် သေတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဓိကရုဏ်းဟာ ရန်ချီမြို့နဲ့ တခြားမြို့တွေမှာ ဖြစ်ခဲ့တာတွေကြောင့် ရဲအရာရှိ ၁၄ ယောက်ထက် မနည်း ဒဏ်ရာရတယ်လို့ အကြီးတန်း ရဲအရာရှိ ဆူရန်ဒြာ ကူးမား ဂျဟာက ပြောပါတယ်။ ဆူပူမှု ရပ်တံ့ရေးအတွက် နေဝင်မီးငြိမ်း အမိန့်ကို ထုတ်ပြန်ထားသလို အင်တာနက်လိုင်းတွေ လည်း ဖြတ်ထားပါတယ်။ ဇွန် ၁၀ ရက် ဝတ်ပြုပွဲအပြီး မတည်ငြိမ်မှုက မြို့အတော်များများဆီ ပျံ့သွားခဲ့လို့ နိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ရဲတွေက လူအယောက် ၂၃၀ ကို ဖမ်းထားတယ်လို့ ပြောပါတယ်။

“လူတွေကို သဘောထားကွဲလွဲအောင် လူမှုကွန်ရက် မီဒီယာပေါ်မှာ လှုံ့ဆော်မှု” အတွက် နတ်ဆရာ တယောက်နဲ့ တခြားသူတွေကို အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ နယူးဒေလီရဲတွေက ဇွန် ၉ ရက်မှာ ပြောပါတယ်။