ဆေးခြောက်စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိတဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာတဲ့ ထိုင်းနိုင်ငံ

လွန်ခဲ့တဲ့သီတင်းပတ်ကစပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်မှုကို တရားဝင်ခွင့်ပြု ပေးလိုက်ပြီဖြစ်ပါတယ်။ ဆေးခြောက်မျိုးစေ့တစ်သန်းခန့်ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်မှုနဲ့ စိုက်ပျိုးသွားမယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တကယ့်ကိုကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ်ပါပဲ။

ထိုင်းနိုင်ငံရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်လိုက်ပြီး ဆေးဝါးနဲ့စက်မှုကုန်ကြမ်းသီးနှံအဖြစ် သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိတယ်ဆိုပေမယ့် အပန်းဖြေရည်ရွယ်ချက်နဲ့ အသုံးပြုတာမျိုးကတော့ ထိုင်းအာဏာပိုင် တွေက ခွင့်ပြုမထားကြောင်းလည်း သိရပါတယ်။ ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားဝင်စိုက်ပျိုးထုတ်လုပ်ခွင့် ပေးထားတဲ့ နိုင်ငံတော်တော်များများရှိပေမယ့် အပန်းဖြေရည်ရွယ်ချက်နဲ့ လွတ်လပ်စွာရှူရှိုက်သောက်သုံးခွင့် ပေးထားတာက ဥရုဂွေးနဲ့ ကနေဒါနိုင်ငံတို့ပဲရှိပါသေးတယ်။

ဆေးခြောက်ကို အပျော်ရှူရှိုက်ခွင့်ပေးမထားဘူးဆိုပေမယ့် ထိုင်းလူငယ်တချို့ကတော့ အစိုးရကြေညာချက်အပေါ် အောင်ပွဲခံခဲ့ကြပြီး ဒေသတွင်းမှာရရှိနိုင်တဲ့ ဆေးခြောက်အမျိုးအစားတွေကို ပေါ်ပေါ်ထင်ထင် ဝယ်ယူအသုံးပြု လာကြပြီလို့လည်း သိရပါတယ်။ အထူးသဖြင် ထိုင်းနိုင်ငံမှာ Sugarcane၊ Bubblegum ၊ Purple Afghani နဲ့ UFO အမှတ်တံဆိပ်ဆေးခြောက်တွေကို ဝယ်ယူရရှိနိုင်ပြီး အသုံးပြုသူအများစုဟာ အပျော်ရှူရှိုက်တဲ့လူငယ်တွေ ဖြစ်ကြပါတယ်။ အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်တဲ့ ရစ်တီပေါင်ဘက်ချ်ကူလ် က “ ကျွန်တော်ဟာ ဆေးခြောက်ကို ပုံမှန်ရှူလေ့ရှိပါတယ်။ အခုတော့ အရင်တုန်းကလို ခိုးကြောင်ခိုးဝှက်ဝယ်ယူသုံးစွဲစရာ မလိုတော့ပါဘူး။ လွတ်လပ်စွာသုံးစွဲနိုင်ပါပြီ” လို့ မီဒီယာအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဝိဒ် (weed) ၊ ဂန်ဂျာ (ganja) စသဖြင့် နာမည်အမျိုးမျိုးနဲ့ လူငယ်တွေအသုံးများတဲ့ ဆေးခြောက်ဟာ အာရှနိုင်ငံတွေနဲ့ ဘာသာရေးစည်းကမ်းတင်းကျပ်တဲ့နိုင်ငံတွေမှာ တရားမဝင်မူးယစ်ဆေးဝါးအဖြစ် တားမြစ်ခံထား ရဆဲဖြစ်ပေမယ့် သူ့ရဲ့ဆေးဖက်ဝင်အကျိုးအာနိသင်တွေနဲ့ ချည်မျှင်လျှော်မျှင်ထုတ်လုပ်နိုင်တဲ့ အားသာချက် တွေကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ စိုက်ပျိုးထုတ်လုပ်ဖို့ တရားဝင်ခွင့်ပြုပေးလာကြပြီဖြစ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံဟာလည်း ဆေးခြောက်နဲ့ပတ်သက်ပြီး အောင်မြင်တဲ့သမိုင်းကြောင်းတွေရှိခဲ့ဖူးတာကြောင့် ယခုတရားဝင်ဖြစ်မှုဟာ နိုင်ငံရဲ့စီးပွားရေးကို တိုးတက်လာစေမယ်လို့ယူဆရပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေက ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းက တောင်ကုန်းဒေသတွေမှာ စိုက်ပျိုးထုတ်လုပ်တဲ့ Thai Stick ဆေးခြောက်ထုတ်ကုန်တွေဟာ ကမ္ဘာ့အဆင့်မီအရည်အသွေးရှိခဲ့ပါတယ်။ ယနေ့အချိန်မှာ Thai Stick မျိုးကွဲတွေဟာ ကမ္ဘာ့ဒေသအသီးသီးကိုပျံ့နှံ့သွားပြီး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နေကြပါပြီ။ တစ်ခုသတိထား ရမှာက ထိုင်းအစိုးရအနေနဲ့ ဆေးခြောက်စိုက်ပျိုးထုတ်လုပ်မှုအပေါ် တိကျပြတ်သားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ ချမှတ်ပေးဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင် အကျိုးစီးပွားထက် ပြဿနာတွေပိုများလာနိုင်ပါတယ်။

ထိုင်းအစိုးရရဲ့ လက်ရှိကြေညာချက်အရတော့ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ရပေမယ့် အပျော်သောက်သုံး တာမျိုး၊ ပြည်သူပိုင်နေရာတွေမှာ အသုံးပြုတာမျိုးကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားဆဲဖြစ်ပြီး ထောင်ဒဏ် ၃ လ (သို့မဟုတ်)ဒဏ်ငွေဘတ် ၂၅၀၀၀ ချမှတ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် THC လို့ခေါ်တဲ့ ယစ်မူးစေတဲ့ ဓာတ်ပစ္စည်း ၀ ဒသမ ၂ ရာခိုင်နှုန်းထက်ပိုတဲ့ ဆေးခြောက်အဆီထုတ်လုပ်မှုကိုလည်း တားမြစ်ထားဆဲဖြစ်ပါတယ်။

ချင်းမိုင်တက္ကသိုလ်က သစ်ပင်ပန်းမန်နဲ့ မြေဆီလွှာသိပ္ပံပါမောက္ခ ဆာရာနာ ကတော့ ဆေးခြောက်နဲ့ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့စည်းမျဉ်းစည်းကမ်းတွေ ထွက်ပေါ်လာတဲ့အထိ စောင့်ဆိုင်းသင့်ကြောင့် လုပ်ငန်းရှင်တွေနဲ့ ပြည်ပခရီးသွားဧည့်သည်တွေကို သတိပေးထားပါတယ်။ ထိုင်းအတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ Move Forward ပါတီရဲ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ တော်ပီဖော့ကတော့ ဆေးခြောက်ဈေးကွက်အတွက် မျှတတဲ့ဥပဒေချမှတ် မပေးနိုင်ရင် အရက်ဘီယာဈေးကွက်လိုမျိုး အင်အားကြီးကုမ္ပဏီကြီးတွေရဲ့လက်ဝါးကြီးအုပ်မှုကို မြင်တွေ့ ရနိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။  CBS News