အမေရိကန် ဒရုန်းယာဉ်ကို အီရန် ပစ်ချ

အီရန်နိုင်ငံတောင်ပိုင်းမှာ ပျံသန်းနေတယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ကပြောတဲ့ အမေရိကန် ဒရုန်းယာဉ်ကို ပစ်ချလိုက်ပြီလို့ အီရန်အစိုးရက ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ အီရန်အစိုးရတို့ကြား အကြီးစား စစ်ရေးထိပ်တိုက်တွေ့နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ရင်း စိုးရိမ်နေကြပါတယ်။

ပင်လယ်ကွေ့ဒေသအတွင်း အီရန်နိုင်ငံတောင်ပိုင်း ဟော်မုဇ်ဂံခရိုင်ပေါ်မှာ သူလျှိုဒရုန်းယာဉ်ကို ပစ်ချခဲ့တာလို့ စစ်တပ်ရဲ့ အင်တာနက်စာမျက်နှာ ဆေပါနယူးစ်က ပြောပါတယ်။

ဒရုန်းယာဉ်ဟာ RQ-4 Global Hawk အမျိုးအစားဖြစ်တယ်လို့ အီရန်အစိုးရ သတင်းဌာန IRNA က အစီရင်ခံပါတယ်။

အမေရိကန်ရေတပ်က MQ-4C Triton ဒရုန်းယာဉ်ဟာ ဟော်မုဇ်ရေလက်ကြားက နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပစ်ချခံရတယ်လို့ အမေရိကန် အရာရှိတယောက်က ပြောပါတယ်။

MQ-4C Triton အမျိုးအစား ဒရုန်းကို ထုတ်လုပ်သူ နော့သ်ရော့ပ်ဂရမ်မမ်ကတော့ ထရိုင်တွန်ဒရုန်းဟာ တကြိမ်ကို ၂၄ နာရီကြာအောင် ပျံသန်းနိုင်ပြီး အမြင့် ဆယ်မိုင်ထိ တက်ပျံနိုင်တယ်၊ ရေမိုင် ၈၂၀၀ ထိ အဝေးကို ကိုင်တွယ် မောင်းနှင်နိုင်တယ်လို့ သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။