အယ်လ်ဂျီးရီးယားသမ္မတ ရာထူးက နုတ်ထွက်ရန် ဆန္ဒပြ

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ထောင်ချီတဲ့ ကျောင်းသားတွေ၊ တက္ကသိုလ်ပါမောက္ခတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ  စုဝေးပြီး လက်ရှိသမ္မတ အက်ဒဲလ်လာဇစ် ဘူတီဖလီကာ ရာထူးက နုတ်ထွက်ဖို့ မတ်လ ၁၉ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့ ထင်ရှားတဲ့ အတိုက်အခံတွေ ဦးဆောင်တဲ့ အဖွဲ့သစ်တဖွဲ့က စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ကြားဝင်မစွက်ဖက်ဖို့လည်း သတိပေးခဲ့ကြပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံကို နှစ် ၂၀ ကြာ အုပ်ချုပ်နေတဲ့ သမ္မတ ဘူတီဖလီကာဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပြည်သူတွေ အပြင်းအထန် ကန့်ကွက်တာကြောင့် ဝင်မပြိုင်တော့ဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရာထူးက ချက်ချင်းနုတ်ထွက်မှာမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် အတည်ပြုပြီးတဲ့အထိ သမ္မတ ဆက်လုပ်မယ်လို့ သူက ပြောခဲ့ပါတယ်။ ဘူတီဖလီကာရဲ့ ခြေလှမ်းတွေက ဆန္ဒပြပြည်သူတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။

အယ်လ်ဂျီးရီးယား လမ်းမတွေပေါ်မှာ မတ်လ ၁၅ ရက်နေ့ကတည်းက သိန်းချီတဲ့ပြည်သူတွေ စုဝေးခဲ့ကြပြီး အခုသီတင်းပတ်အထိ ဆန္ဒပြနေဆဲပါ။ စစ်တပ်နဲ့ စီးပွားရေးသမားတွေအပြင် စစ်မှုထမ်းဟောင်းတွေ စိုးမိုးခြယ်လှယ်နေတဲ့ အာဏာရ အခွင့်ထူးခံတွေကို မျိုးဆက်သစ် ခေါင်းဆောင်တွေနဲ့ အစားထိုးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။  

(DVB)