ကက်တလန်ရွေးကောက်ပွဲမှာ ခွဲထွက်ရေးသမားတွေနိုင်

ခွဲထွက်ရေး ထောက်ခံတဲ့ ကက်တလိုးနီးယားအတွက် အတူတကွပါတီ၊ ကက်တလိုးနီးယား ရီပတ်ဘလီကန် လက်ဝဲပါတီနဲ့ အများဆန္ဒနဲ့ ညီညွတ်ရေးပါတီ တို့က အမတ်နေရာ ၇၀ ရရှိ

စပိန်နိုင်ငံ ကက်တလိုးနီးယားဒေသမှာ ကျင်းပတဲ့ ဒေသန္တရ ရွေးကောက်ပွဲမှာ ခွဲထွက်ရေး ထောက်ခံတဲ့ ပါတီတွေက ဒေသတွင်း ပါလီမန်မှာ နေရာ အများစု အနိုင်ရခဲ့ပြီး စပိန်ဗဟို အစိုးရနဲ့ ထိပ်တိုက် တွေ့မှုတွေ ပိုများလာနိုင်ပါတယ်။

ကက်တလန်ဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့က လွတ်လပ်ရေး ကြေညာခဲ့တဲ့အတွက် စပိန် ဝန်ကြီးချုပ် မာရီယားနိုး ရဟွိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီး အခုလို ရွေးကောက်ပွဲ ကျင်းပစေခဲ့တာ ဖြစ်ပါတယ်။

ကက်တလိုးနီးယားဒေသကို စပိန်ရဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ဖို့ပဲ လိုလားတဲ့ နိုင်ငံသားများ ပါတီကတော့ အင်အားအကြီးဆုံး ပါတီဖြစ်နေပြီး ခွဲထွက်ရေး ထောက်ခံသူ ပါတီ အရေအတွက် များနေတဲ့အတွက် ဘယ်သူက အစိုးရ ဖွဲ့ခွင့်ရမလဲဆိုတဲ့ ကိစ္စကတော့ မရှင်းလင်းသေးပါဘူး။

မဲတွေ အားလုံးနီးပါး ရေတွက်အပြီးမှာ ခွဲထွက်ရေး ထောက်ခံတဲ့ ကက်တလိုးနီးယားအတွက် အတူတကွပါတီ၊ ကက်တလိုးနီးယား ရီပတ်ဘလီကန် လက်ဝဲပါတီနဲ့ အများဆန္ဒနဲ့ ညီညွတ်ရေးပါတီ တို့က အမတ်နေရာ ၇၀ ရရှိပြီး ၁၃၅ နေရာရှိတဲ့ ပါလီမန်မှာ အမတ် အများစုအဖြစ် အသာရခဲ့တာပါ။

နိုင်ငံသားများပါတီကတော့ မဲရာခိုင်နှုန်းရဲ့ ၂၅ ရာခိုင်နှုန်းရရှိပြီး အမတ်နေရာ ၃၇ နေရာ ရခဲ့ပါတယ်။

အခုလို ခွဲထွက်ရေး ထောက်ခံတဲ့ အုပ်စုထဲမှာ ကက်တလန် ခေါင်းဆောင်ဟောင်း ကားလက်စ် ပုဂ်ျဒမွန့် ဦးဆောင်တဲ့ ကက်တလိုးနီးယား အတွက် အတူတကွပါတီက အများဆုံး အနိုင်ရခဲ့ပြီး သူ့ရဲ့ လက်ထောက် ကက်တလန်ခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ အိုရီယို ယွန်ကဲရက်စ် ဦးဆောင်တဲ့ ကက်တလိုးနီးယား ရီပတ်ဘလီကန် လက်ဝဲပါတီကလည်း မတိမ်းမယိမ်း အမတ် အရေအတွက် နေရာ ရခဲ့ပါတယ်။

အခု ရွေးကောက်ပွဲရလဒ်ကို ကက်တလန် နိုင်ငံတော်က အနိုင်ရခဲ့တာ ဖြစ်ပြီး စပိန် ဗဟို အစိုးရက ဆုံးရှုံးသွားတာပဲလို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ကို ရောက်ရှိနေတဲ့ မစ္စတာ ပုဂ်ျဒမွန့်က မှတ်ချက်ပေးခဲ့ပါတယ်။

မစ္စတာ ပုဂ်ျဒမွန့်ကော မစ္စတာ ယွန်ကဲရက်စ်တို့ဟာ စပိန်အစိုးရကို ပုန်ကန်မှုနဲ့ စွဲချက်တင် ခံထားရတာ ဖြစ်ပြီး မစ္စတာ ယွန်ကဲရက်စ်ကတော့ ပြည်တွင်းမှာ ထောင်ကျနေခဲ့တာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို မဲပေးခွင့်ရှိသူရဲ့ ၈၀ ရာခိုင်နှုန်းက လာရောက် မဲပေးခဲ့ပြီး ကက်တလန် ဒေသတွင်းမှာ စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး စပိန်ပြည်တွင်း ကိစ္စသာ ဖြစ်တဲ့အတွက် မှတ်ချက် မပေးလိုဘူးဆိုပြီး ဥရောပ ကော်မရှင်က သတင်း ထုတ်ပြန်ထားပါတယ်။   BBC Burmese