ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

 

ပင်လည်ဘူး ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးမျိုးမြင့်၊ ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးမြင့်ကျော်၊ အတွင်းရေးမှူး ဦးသောင်းဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် မြို့နယ်ပါတီနာယက ဦးမျိုးမြင့်က လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေများ ကမ္ဘာ့အခြေအနေများနှင့် နှိုင်းယှဉ်ဆွေးနွေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းသိန်းက ယခင်အစိုးရ လက်ထက် လုပ်ငန်းဆောင်ရွက်မှုများအား  ရှင်းလင်းတင်ပြ ဆွေးနွေးကာ ခရိုင်ပါတီ ကော်မတီဝင် ဦးမြင့်ကျော်က လုပ်သားပြည်သူများ လက်ရှိကြုံတွေ့နေရသော အခက်အခဲများအတွက် ဆောင်ရွက်ပေးမှုများကို ယခင်အစိုးရ လက်ထက် ဆောင်ရွက်ပေးမှုများနှင့် နှိုင်းယှဉ် ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသောင်းဌေးက ပါတီ၏ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေး နွေးတင်ပြကာ ဘဏ္ဍာရေးမှူး ဦးသန်းဝင်းက ရငွေသုံးငွေစာရင်းများအား တင်ပြဆွေးနွေး ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက မရှင်းလင်းသည်များကို တင်ပြ မေးမြန်းဆွေး နွေးကြကာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်သုံးသပ် ရှင်းလင်းဆွေးနွေး ခဲ့ပြီး ပါတီ၏ ရှေ့လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မျိုးညီညီ(ပင်လည်ဘူး)