တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တနင်္သာရီ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီခွဲက ချောင်းကူးငယ်ရပ်ကွက်ရှိ မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းအောင်တို့က အဖွင့်အမှာစကား ပြောကြားရာတွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒများနှင့် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ကြမည့် ပါတီလုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးနေမျိုးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်ပေးစာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဘဏ္ဍာရေးမှူး ဦးထွန်းသိန်းက စီမံရေးရာနှင့် ဘဏ္ဍာရေးရာ ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဦးကျော်ကျော်က လူငယ်ရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်မြမြစိမ်းက အမျိုးသမီးရေးရာ ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းများနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် မီဒီယာတာဝန်ခံ ဦးမင်းဇော်က သတင်းနှင့် မီဒီယာဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခြင်း၊ မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် ကော့သောင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်သူ တို့က မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်ပါတီများ၏ ပါတီလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြ ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသိန်းလွင်က မြို့နယ်အလိုက် အထွေထွေ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ မြို့နယ်ပါတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးမှု ဆောင်ရွက်ဆဲဖြစ်သော ပါတီလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည် များကို အသီးသီးဆွေးနွေး တင်ပြခဲ့ရာတွင် ၄င်းတို့၏ တင်ပြမှုအပေါ် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ပေါင်းစပ်ညှိနှိုင်းကာ ပြန်လည်ဆွေးနွေး ဆုံးဖြတ်ပေးပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြား၍ အခမ်းအနားကို မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် ပြီးမြောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဗဟိုအလုပ် အမှုဆောင် ဦးတင်စိုး၊ တိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူး ဦးနေမျိုးနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်ရေးရာ တာဝန်ခံများ၊ မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် ကော်မတီဝင်များ၊ ကော့သောင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။  ဖြူမျိုး(တနင်္သာရီ)