လာမယ့်ရာသီ ဂျူဗင်တပ်မှာဆက်ရှိဖို့ ၁၀၀၀ ရာခိုင်နှုန်းသေချာဟု စီရော်နယ်ဒို ပြော

နွေအပြောင်းအရွှေ့ဈေးကွက်မှာ ဂျူဗင်တပ် ကနေထွက်ခွာဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကို တိုက်စစ်မှူး စီရော်နယ်ဒိုက ငြင်းဆိုခဲ့ပြီး လာမယ့်ရာသီ အီတလီမှာဆက်ရှိဖို့ ၁၀၀၀ ရာခိုင်နှုန်းသေချယ်တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် သူ့ရဲ့ပထမဆုံး စီးရီးအေဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ အီတလီချန်ပီယံအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကူအညီပေးဖို့ စီရော်နယ်ဒို ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က အေဂျက်ဇ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဂျူဗင်တပ်အသင်းထွက်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးတဲ့နောက် အီတလီမှာပဲဆက်နေဖို့ စီရော်နယ်ဒို ဆုံးဖြတ်ခဲ့တာပါ။ စီရော်နယ်ဒိုက “ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ ချန်ပီယံဆုကို ရရှိဖို့ ထိုက်တန်ခဲ့တာကြောင့် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အခုရာသီ စီးရီးအေမှာ ကျွန်တော်တို့အသင်းဟာ အကောင်းဆုံး အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း မနိုင်နိုင်ပါဘူး။ ကျွန်တော်တို့ တတ်နိုင်သလောက် အရာရာကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ တစ်သင်းတည်းပဲ ဗိုလ်စွဲနိုင်ပါတယ်။ နောက်နှစ်မှာ ဖြစ်နိုင်ပါတယ်။ လာမယ့်ရာသီ ဂျူဗင်တပ် အသင်းမှာ ကျွန်တော် ဆက်ရှိဖို့ ၁၀၀၀ ရာခိုင်နှုန်းသေချာပါတယ်”လို့ ပြောခဲ့ပါတယ်။

Ref:Skysports