ဆီးရီးယားတပ်ဖွဲ့ အိုင်အက်စ်သွေးကြွများကို နောက်ဆုံးတိုက်ပွဲ ဆင်နွှဲ

အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်တွေဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး နောက်ဆုံးတိုက်ပွဲ ဆင်နွှဲလိုက်ပါတယ်။

ဆီးရီးယား နိုင်ငံတွင်းက အိုင်အက်စ်တွေရဲ့ နောက်ဆုံး ခြေကုပ်နယ်မြေကို ဖေဖော်ဝါရီ ၉ ရက်မှာ စတိုက်ခိုက်ဖို့ စီစဉ်ထားပေမယ့် တရက်စောပြီး ထိုးစစ်ဆင်ခဲ့တာပါ။

“အဓိက တိုက်ပွဲကြီးကို စနေညနေမှာ စတိုက်မယ်၊ အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး အကြွင်းအကျန်တွေကို ခြေမှုန်းမယ်လို့ SDF အဖွဲ့ မီဒီယာရုံးရဲ့ အကြီးအကဲ မူစတာဖှာ ဘာလီက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ကျန်ခဲ့တဲ့ ဆယ်ရက်အတွင်း အီရတ်နယ်စပ်နားက ရွာနှစ်ရွာပါတဲ့ အဝိုင်းခံနယ်မြေကနေ အရပ်သား အယောက် နှစ်သောင်းကျော်ကို ကယ်ထုတ်နေလို့ SDF တိုက်ခိုက်ရေးသမားတွေဟာ တိုက်ပွဲကို စိတ်ရှည်ရှည်ထား တိုက်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

၂၀၁၇ အောက်တိုဘာမှာ ရက်ကာမြို့က ဆီးရီးယား ဗဟိုဌာနချုပ်ကနေ ဘာသာရေး စစ်ဝါဒီတွေကို နှိမ်နင်းအပြီး SDFဟာ ဒယ်ရာ အယ်လ်ဇောခရိုင်ဆီ ထိုးစစ်ဆင်ခဲ့တာပါ။

ယူဖရေးတီးစ်မြစ် အရှေ့ဘက်ကမ်းပေါ်က နယ်မြေတွေကနေ အိုင်အက်စ်တွေကို တိုက်ထုတ်ခဲ့ပါတယ်။

သီတင်းပတ် နှစ်ပတ်အတွင်း အိုင်အက်စ်တွေဟာ နောက်ဆုံးနယ်မြေကို ဆုံးရှုံးမယ်လို့ မျှော်လင့်ထားတယ် ကြောင်း အမေရိကန်အစိုးရက ပြောကြားထားပါတယ်။  

by DVB