ရီးရဲလ် အဓိကကစားသမား ၃ ဦး ထွက်ခွာနိုင်ဟု သတင်းများတွင် ဖော်ပြ

စပိန်ကလာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမား သုံးဦးဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းက ထွက်ခွာဖို့ တောင်းဆိုနိုင်ချေရှိတယ်လို့ Playing for 90 သတင်းမှာ ဖော်ပြပါတယ်။

သတင်းမှာ ဖော်ပြချက်အရ အသင်းကထွက်ခွာဖို့ တောင်းဆိုနိုင်ချေရှိတဲ့ ပထမ ကစားသမားဟာ မာဆယ်လိုဖြစ်တယ်လို့ သိရပါတယ်။

မာဆယ်လိုဟာ မကြာသေးခင်ကမှ အသင်းပြောင်းရွှေ့သွားတဲ့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ၊ ကစားဖော်ဟောင်းလည်းဖြစ်သူ ရော်နယ်ဒိုရှိရာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ဘရာဇီးလက်ရွေးစင် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ခွင့်အတွက် လူငယ်ကစားသမားလေး ဆာဂျီယိုရီဂိုင်လွန်နဲ့ ယှဉ်ပြိုင်ရနိုင်ဖွယ်ရှိနေပြီး အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ် လို့လည်း သတင်းတွေမှာ ဖော်ပြလျက်ရှိပါတယ်။

ဒုတိယတဦးက မာကိုအဆန်ဆီယိုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာလုနီးပါး ဖြစ်နေတဲ့ အဆန်ဆီယိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် အတွက် ဗင်းဆင့်ဂျူနီယာနဲ့ ယှဉ်ပြိုင် ရနိုင်ချေရှိနေပါတယ်။

လက်ရှိအချိန်မှာ ရီးရဲလ်အသင်းနည်းပြ ဆိုလာရီက အဆန်ဆီယိုထက် ဗင်းဆင့်ဂျူနီယာကို ပိုမို အကြိုက်တွေ့ နေပုံရပြီး မားကို့စ်အဆန်စီယိုအနေနဲ့ အရန်ထိုင်ခံမှာ ပျော်ရွှင်နိုင်မယ့် ကစားသမား မဟုတ်တာကြောင့် နွေရာသီ အပြောင်းအရွေ့ဈေးကွက်မှာ ကမ်းလှမ်းမှုတွေကို နားစွင့်ထားဖို့ ရှိတယ်လို့ ခန့်မှန်း ရေးသားနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးတဦးကတော့ အစ္စကိုပဲဖြစ်ပါတယ်။ မာလာဂါကွင်းလယ်လူဟောင်း အစ္စကိုနဲ့ လက်ရှိ ရီးရဲလ်နည်းပြ တို့ကြားက ဆက်ဆံရေးအခြေအနေဟာ အေးခဲနေပြီး ဆိုလာရီလက်ထက်မှာ အစ္စကိုဟာ ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိထားတာလည်း တွေ့ရပါတယ်။

လက်ရှိအချိန်မှာ အစ္စကို ကို မန်ချက်စတာမြို့ခံအသင်းတွေ အပါအဝင် ဥရောပထိပ်သီး အသင်းတော်တော် များများက စိတ်ဝင်စားနေပြီး သတင်းတွေအတိုင်း ဥရောပ အအောင်မြင်ဆုံး ကလပ်အသင်းကို စွန့်ခွာသွားနိုင်ခြေ ရှိ မရှိကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

လက်ရှိ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကကစားသမား ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွားမှုနဲ့အတူ အခုရာသီမှာ ရုန်းကန်နေရပြီး ဆိုလာရီမတိုင်ခင် အသင်းနည်းပြဂျူလန် လိုပါတီဂူလည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

 -Ref:Skysports