ကောင်းဆက်နိုင်နှင့် ထိုင်းကလပ်ဆာမက်ဆာခွန် တစ်နှစ်သက်တမ်း စာချုပ် ချုပ်ဆို

ကောင်းဆက်နိုင်နှင့် ဆာမက်ဆာခွန်အသင်းတို့ စာချုပ်ချုပ်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ကောင်းဆက်နိုင် (ဖေ့စ်ဘွတ်ခ်))

မြန်မာလိဂ်ကလပ်ရန် ကုန်ယူနိုက်တက် ကစားသမားဟောင်း ကောင်းဆက်နိုင် သည် ၂၀၁၈ ဘောလုံးရာသီ အတွက် ထိုင်းလိဂ်-၂ ကလပ်ဆာမက်ဆာ ခွန်အသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

အသက်(၂၄)နှစ်အရွယ် ကောင်းဆက်နိုင်သည် ရန်ကုန် လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီက ရန်ကုန်အသင်းမှ ဆာမက်ဆာခွန်အသင်းသို့ ခုနစ်လအငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့ဖူးသည်။ ကောင်းဆက်နိုင်သည် ရန်ကုန်ယူနိုက်တက်နှင့် ၂၀၁၇ အောက်တိုဘာတွင် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည်။

တိုက်စစ်မှူး ကောင်းဆက်နိုင် သည် ၂၀၁၅ စင်ကာပူဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်း နှင့်အတူ ကျော်ကြားလာသည့် ကစားသမားဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမ ကစားသမား စာရင်းတွင်လည်း ပါဝင်သည်။

‘‘ဒီအသင်းမှာ ကျွန်တော့်ကို အမြဲကြိုဆိုအားပေးနေတတ်တဲ့ ပရိသတ်တွေရှိတယ်။ ဒါကြောင့် သူတို့အသင်း ကမ်းလှမ်းတဲ့အခါ မှာ ပြောင်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။ ကျွန်တော် တစ်ခေါက်လည်း လာကစားဖူးတော့ သံယောဇဉ် တွယ်မိတာလည်း ပါပါတယ်။ အခုအသင်းက ထိုင်းလိဂ်-၂ ကို တန်းတက်ခွင့် ရတယ်လို့ သိထားပါတယ်။ လာမယ့်နှစ်မှာ ထိုင်းလိဂ် -၁ အထိ ကစားခွင့်ရဖို့ အသင်းနဲ့အတူ အကောင်းဆုံးကြိုးစားသွားပါမယ်’’ ဟု ကောင်းဆက်နိုင် က ပြောသည်။

ကောင်းဆက်နိုင် သည် ဆာမက်ဆာခွန်အသင်းနှင့် ဒီဇင်ဘာ ၂၅ ရက်က တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး လစာကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ထိုင်းကလပ်ဆာမက်ဆာ ခွန်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီတွင် ထိုင်း လိဂ်-၃ ပြိုင်ပွဲ၌ ချန်ပီယံဆု ဆွတ်ခူးခဲ့သဖြင့် ၂၀၁၈ ဘောလုံးရာသီတွင် လိဂ်-၂ ပြိုင်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ဆာမက်ဆာခွန်အသင်း ကို ၂၀၁၀ က စတင်တည်ထောင်ပြီး ထိုင်းဒေသတွင်း ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ်နှင့် ထိုင်းလိဂ်-၃ အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ချန်ပီယံဆုတစ်ကြိမ် ရရှိထားသည်။

ကောင်းဆက်နိုင်သည် လာမည့်နှစ်ရာသီထိုင်းလိဂ်ပြိုင်ပွဲများသို့ သွားရောက်ကစားမည့် ပဉ္စမမြောက် မြန်မာလိဂ် ကစားသမားဖြစ်လာသည်။ 

(7days)