ပရိသတ်တွေ ကန့်ကွက်နေတဲ့ကြားက အမေရိကမှာ လာလီဂါပွဲ သွားကစားဖို့ ဆက်ပြီးစီစဉ်နေတဲ့ ဘာစီလိုနာ

စပိန်​ကလပ်​ဘာစီလိုနာအသင်းဟာ အ​မေရိကန်​နိုင်​ငံမှာလာလီဂါပွဲအချို့ကို ကျင်းပနိုင်​ဖို့ကြိုးစား​နေတဲ့ လာလီဂါ​ဘောလုံးအဖွဲ့ချုပ်​ ဥက္ကဌတီဘက်​စ်​ရဲ့ အစီအစဉ်​ကို ​ထောက်​ခံကာ ဇန်​န၀ါရီ လ ၂၆ ရက်​​နေ့တွင်​ ကစားရမယ့်​ ကက်​တလန်​ဒါဘီပြိုင်​ဖက်​ဂီရိုနာအသင်းနဲ့ ပွဲစဉ်​ကို အ​မေရိကန်​မှာ သွား​ရောက်​ကစားဖို့ကို ဆက်​လက်​စီစဉ်​​နေတယ်​လို့ Marca သတင်းစာရဲ့​ ဖော်​ပြမှုအရ သိရပါတယ်​။ ယခုနှစ်​အ​စောပိုင်းက လာလီဂါ​ဘောလုံးအဖွဲ့ချုပ်​ ဥက္ကဌတီဘက်​စ်​ဟာ အ​မေရိ ကန်​မီဒီယာ ကုမ္ပဏီတစ်​ခုဖြစ်​တဲ့ Relevant နဲ့ တစ်​နှစ်​လျှင်​ လာလီဂါပွဲစဉ်​တစ်​ပွဲကို အ​မေရိကန်​မှာ လာ​ရောက်​ကစားဖို့ ​ငွေ​ကြေး​မြောက်​မြားစွာနဲ့ ၁၅ နှစ်​ စာချုပ်​ ချုပ်​ဆိုထားခဲ့တယ်​လို့ ပရိသတ်​​တွေကို အသိ​ပေးခဲ့ပါတယ်​။

သူ့ရဲ့ဆုံးဖြတ်​ချက်​ကို ပရိသတ်​​တွေ၊ ကစားသမား​အဖွဲ့အစည်း​တွေနဲ့ စပိန်​ဘောလုံးအဖွဲ့အစည်း​တွေက​ ၀ိုင်းဝန်း ကန့်​ကွက်​ခဲ့ကြပြီး ကစားသမား​တွေကိုကိုယ်​စားပြုတဲ့( AFE ) အဖွဲ့အစည်းရဲ့ ဥက္ကဌ ​ဒေးဗစ်​အဂန်​ဇိုက” ဒီကိစ္စဟာလုံးဝကို အဓိပ္ပါယ်​မရှိပါဘူး၊ ဒီလိုပွဲစဉ်​​ရေးဆွဲမှုဟာအကျိုးအမြတ်​ရဖို့်​ ​ဘောလုံး​ပွဲ​တွေကို နိုင်ငံခြားကို ပို့ကုန်​တစ်​ခုအဖြစ်​ တင်ပို့သလိုဖြစ်နေပါတယ်​၊ ပရိသတ်​​တွေကို ထည့်​တွက်​ပြီး စဉ်းစားထားခြင်းမရှိတဲ့ လုပ်​ရပ်​ပါ၊ အသင်း​ခေါင်း​​ဆောင်​​တွေကလည်း ဒီဆုံးဖြတ်​ချက်​ကို သ​ဘောမတူဖူးဘဲ ဆန့်​ကျင်​​နေတာကို ​တွေ့ရမှာပါ၊ အားလုံးဟာ ဒါနဲ့ပက်​သက်​ပြီး တစ်​စိတ်​တစ်​၀မ်းတည်းရှိ​နေကြပါတယ်​၊ အဓိပ္ပါယ်​လုံးဝမရှိပါဘူး၊ ကျ​နော်​အခု​ပြော​နေတာဟာ ကစားသမား​တွေရဲ့အကြံညဏ်တွေ သ​ဘောတူညီမှု​တွေမပါဘဲ ချုပ်​ဆိုထားတဲ့ စာချုပ်​အ​ကြောင်းပါ ” လို့ ​ပြောကြားခဲ့ပါတယ်​။

အခုလို ကန့်​ကွက်​မှု​တွေရှိ​နေ​ပေမယ့်​ ဘာစီလိုနာ အသင်းနဲ့ လာလီဂါ​ဘောလုံးအဖွဲ့ချုပ်​က တာဝန်​ရှိသူ​တွေက​တော့ အ​မေရိကန်​မှာ လာလီဂါပွဲ​တွေ ကျင်းပဖို့ကို ကြိုးစား​နေဆဲဖြစ်​တယ်​လို့ သိရပါတယ်​။ ဒါ​ပေမယ့်​ ပြည်​ပထွက်​ကစားခွင့်​ရဖို့အတွက်​ ဥ​ရောပ​ဘောလုံးအဖွဲ့ချုပ်​ ( UEFA ) ၊ အ​မေရိကန်​​ဘောလုံးအဖွဲ့ချုပ်​ နဲ့ ​မြောက်​ပိုင်းမဟာမိတ်​အဖွဲ့အစည်း ၊ ဗဟို အ​မေရိက နဲ့ ကွန်​ကာကပ်​ဖ်​ ​ဘောလုံးအဖွဲ့ချုပ်​တို့ရဲ့ သ​ဘောတူညီမှု​တွေကို ရယူနိုင်​ဖို့လည်း လိုအပ်​​သေးတာမို့ အစီအစဉ်ဖြစ်မြောက်ဖို့ ကျော်ဖြတ်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ သိရပါတယ်။

90Minutes