“ရီးရဲနဲ့ပြန်တွေ့လည်း ဂရုမစိုက်ဘူးဆိုတဲ့ ယာဂင်ကလော့ပ်”

ယမန်နေ့ညက နာပိုလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သွင်းဂိုးအသာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပြန်လည်တွေ့ဆုံနိုင်ပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဘယ်အသင်းနဲ့တွေ့မလဲဆိုတာကို စိတ်ထဲမရှိဘူးလို့ ပြောခဲ့ပါတယ်။

ယာဂင်ကလော့ပ်က နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းနဲ့ ပိုပြီးတွေ့ဆုံချင်တယ်ဆိုတာမျိုးနဲ့ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းကို လက်စားချေဖို့ မတွေးထားကြောင်း ပြောကြားခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ကို သတင်းထောက်တွေက လီဗာပူး ပရိသတ်တွေဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ နောက်ထပ်တစ်ကြိမ် ထပ်မံရင်ဆိုင်တွေ့ချင်နေကြောင်း သတင်း ပေးခဲ့ပေမယ့် ယာဂင်ကလော့ပ်က ၎င်းအနေနဲ့ ဘယ်လက်စားချေမှုမျိုးမှ ပြုလုပ်ဖို့ စိတ်အား ထက်သန်နေတာမျိုး မရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ပီအက်စ်ဂျီအသင်းကို ပရိသတ်အများစုက ပြန်လက်စားချေချင်နေတယ်ဆိုတာ တစ်ခုတည်းပဲ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့ လက်စားမချေပါဘူး လို့ပဲ ပြောရမှာပါ။

ကျွန်တော်သိတာ အဲဒါပဲ” “ကျွန်တော်တို့ မဲနှိုက်တာကို စောင့်နေတယ်။ ပြဿနာမရှိပါဘူး။ ဒီည ၇ နာရီ ၅၅ မိနစ်မတိုင်ခင်အထိ ကျွန်တော်တို့အသင်း မဲနှိုက်တဲ့ထဲမှာ ပါမလားဆိုတာကို မသေချာခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ မဲနှိုက်တဲ့ထဲမှာပါ။ အဲဒီတော့ ဒီနေရာမှာထိုင်ပြီး ဘယ်အသင်းနဲ့တွေ့ဆုံချင်ပါတယ်ဆိုပြီး ဘယ်လိုပြောနိုင်မှာလဲ”
“ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော်တို့က အုပ်စု ဒုတိယလေ။ ကျွန်တော်တို့အတွက် ထူးချွန်ပြီး တောင့်တင်းတဲ့ ပြိုင်ဘက် ရှိလာလိမ့်မယ်။ ဒါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Source: Duwun