အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်မှုအသစ်ကို ဂျာမနီ ပြစ်တင်ရှုတ်ချ

အီရန်အစိုးရကို အမေရိကန်က ဒဏ်ခတ်မှုအသစ် ပြန်စတဲ့အပေါ် ဂျာမနီအစိုးရက နိုဝင်ဘာ ၆ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဂျပန်ဟာ ဥရောပမိတ်ဘက်တွေနဲ့အတူ အီရန်နဲ့ ကုန်သွယ်ရေး ဆက်လုပ် နေတယ်လို့လည်း ပြောပါတယ်။

“အီရန်မှာ စီးပွားရေးကျရင် အစွန်းရောက်တပ်ဖွဲ့တွေ တိုးလာမယ်၊ ဒါမျိုး ဖြစ်မလာအောင် သေချာမှုကို ဂျာမနီက လိုချင်တာ” လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟိုက်ခိုမားက သတင်းထောက်တွေကို ဘာလင်မြို့တော်မှာ ပြောပါတယ်။

အီရန်ရဲ့ ရေနံ၊ ဘဏ်လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်မှုကို အမေရိကန် အစိုးရက ပြန်စတင်ခဲ့တာပါ။ ဒဏ်ခတ်မှုပြန်စပြီး နောက်နေ့မှာ ဂျာမနီက ခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ကတော့ အီရန်ရဲ့ ဥပဒေနဲ့မညီတဲ့ မူဝါဒတွေကို ရပ်တန့်ရေး အရေးယူမှု ထပ်လုပ်ဦးမယ်လို့ ခြိမ်းခြောက်ပါတယ်။ အီရန်ကတော့ ဒါဟာ စီးပွားရေး စစ်ကြေညာတာလို့ ပြောရင်း အာခံဖို့ ကတိပြုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားလက်ထက်က အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ငါးနိုင်ငံတို့ အီရန်နဲ့ ညှိနှိုင်းထားတဲ့ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကို ကျောခိုင်းဖို့ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၈ ရက်မှာ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီနောက် ဒဏ်ခတ်မှုတွေ တကျော့ပြန် အသက်ဝင်ခဲ့ပါတယ်။

DVB