အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ၌ အောက်လွှတ်တော်တွင် ဒီမိုကရက်အများစု အနိုင်ရရှိ

ဝါရှင်တန် နိုဝင်ဘာ ၇

အင်္ဂါနေ့ကပြုလုပ်ခဲ့သော အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် များက အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတွက် စိတ်ပျက်စရာ ရလဒ်ဖြစ်လာခဲ့သည်။

သို့သော် သမ္မတထရမ့်၏ ရီပတ်ဘလစ်ကန် ပါတီဝင်များသည် အထက်လွှတ်တော်တွင် အများစုနေရာ ယူထားနိုင်သည့်အတွက် စိတ်ပျက်ဖွယ်ရာအခြေအနေမှ ကင်းလွတ်အောင် စီမံနိုင်ခဲ့သည်။

ဒီမိုကရက်တစ်များသည် အောက်လွှတ်တော်ကို ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၆ ရွေးကောက်ပွဲတွင် လွှတ်တော်နှစ်ရပ်လုံး၌သမ္မတထရမ့်၏ ရီပတ်ဘလစ်ကန် များက ကြီးစိုးခဲ့ရာ ယခုအခါ အာဏာချိန်ခွင်လျှာညီမျှသွားပြီဖြစ်သည်။ ဒီမိုကရက် များသည် ရီပတ်ဘလစ်ကန် များလက်ထဲမှ နေရာ ၂၆ နေရာကို ရယူနိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်နှစ် ခန့်က သမ္မတထရမ့်ဘက် အလေးသာခဲ့သောလူဖြူအမျိုးသမီးများကြား ခိုင်မာသော ရပ်တည်ချက်ကို ရရှိခဲ့ပြီး အဓိက ယှဉ်ပြိုင်ရာ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင်လည်း ကောင်းမွန်သည့် ရလဒ်များ ပြသနိုင်ခဲ့သည်။

ယခုအခါ ဒီမိုကရက်များသည် ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့သောကိစ္စရပ်များကို စစ်ဆေးခွင့် ရရှိမည်ဟုလည်း ခန့်မှန်းရသည်။ အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်များက ၂၂၂ နေရာ ရရှိခဲ့ပြီး ရီပတ်ဘလစ်ကန်များက ၁၉၉ နေရာ ရရှိခဲ့သည်။ အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်များက ၅၁ နေရာကို ထိန်းချုပ်နိုင်ပြီး ဒီမိုကရက်တစ်များက ၄၅ နေရာ ထိန်းချုပ်နိုင်သည်။

အင်န်အိတ်ခ်ျကေ၊ အေအက်ဖ်ပီ