ရုရှားသမ္မတရွေးချယ်ပွဲတွင် လက်ရှိသမ္မတ ပူတင်ထောက်ခံဆန္ဒမဲ ၈၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အနိုင်ရဖွယ်ရှိဟုဆို

မော်စကို ဇန်နဝါရီ ၁၆

ရုရှားနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် သမ္မတရွေးချယ်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ ပြိုင်ဘက်ရွေးချယ်ခံ သမ္မတလောင်းများကို အနောက်ဝေးဝေးတွင် ထားခဲ့ကာ ထောက်ခံဆန္ဒမဲ ၈၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အနိုင်ရဖွယ်ရှိကြောင်း ရုရှားအစိုးရပိုင် သုတေသနဌာနဖြစ်သည့် ဗွီတီအက်စ်အိုင်အိုအမ်က ပြုလုပ်သော လုထုဆန္ဒ ကြိုတင်ကောက်ယူမှုတစ်ခုတွင် ဖော်ပြသည်။

ယင်းသုတေသနအဖွဲ့က ၂ဝ၁၈ ခုနှစ် မတ်လ ၁၈ ရက်တွင် ပြုလုပ်မည့် ရုရှားသမ္မတရွေးချယ်ပွဲအတွက် အထူး သုတေသနပြု လေ့လာမှု ပြုလုပ်ချက်အရ ရုရှားနိုင်ငံသား ၆၇ ရာခိုင်နှုန်း ပါဝင်မဲပေးမည့် သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၈၁ ဒသမ ၁ ရှိသော ပြည်သူများက ပူတင်အား ထောက်ခံမဲပေးမည်ဟု ဖော်ပြခဲ့သည်။

ယင်းသုတေသန ပြုချက်အရ ရုရှားကွန်မြူနစ်ပါတီအား ထောက်ခံခဲ့သူဖြစ်သည့် ပါဗဲလ်ဂါဂူဒီနင်က ထောက်ခံမဲ ၇ ရာခိုင်နှုန်း၊ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဗလာဒီမီယာ ဇိုင်ရင်နော့ဗ်စကီးက ထောက်ခံမဲ ၄ ဒသမ ၂ ရာခိုင်နှုန်း ရရှိနိုင်ကြောင်း ဖော်ပြသည်။

ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ ကက်ဘီနီယာဆော့ချက်က ထောက်ခံမဲ သုည ဒသမ ၇ ရာခိုင်နှုန်းနှင့် အတိုက်အခံ ရာဘလိုကိုပါတီ တည်ထောင်သူ ဂရီဂိုရီ ဟာဗလင်းစကီးက ထောက်ခံမဲ သုည ဒသမ ၆ ရာခိုင်နှုန်း ရရှိနိုင်ကြောင်းလည်း ဖော်ပြသည်။ ယင်းလူထုဆန္ဒ ကြိုတင်ကောက်ယူခြင်းကို ဇန်နဝါရီ ၈ ရက်မှ ၁ဝ ရက်အတွင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ အသက်(၁၈)နှစ် ပြည့်ပြီးသူ ရုရှားနိုင်ငံသားများ အများစုပါဝင်သည့် လူပေါင်း ၃ဝဝဝ ခန့်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဆန္ဒကောက်ယူခဲ့ခြင်းဖြစ်သည်။  

ဆင်ဟွာ