တာတိုအပြေးဘုရင် အူစိန်ဘော့ ကြေးစားဘောလုံးသမားဘဝခံယူရန် နီးစပ်လာ

အိုလံပစ် တာတိုအ ပြေးချန်ပီယံ အူစိန်ဘော့ကို မော်လ်တာနိုင်ငံအခြေစိုက် ဘောလုံးကလပ်တစ်ခုက ၂ နှစ်စာချုပ် ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြသည်။

ဩစတြေးလျကလပ် Cen-tral Coast Mariners ၌ ဘောလုံးစွမ်းရည် စမ်းသပ်မှုခံယူနေသူ အိုလံပစ် ရွှေတံဆိပ် ရှစ်ခုရှင် ဂျမေကာနိုင်ငံသား ဘော့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဘယ်လ်ဇန်နှင့် ကစားမည့် မော်လ်တာ စူပါဖလားပွဲ၌ ပါဝင်နိုင်ရေး အချိန်မီစာချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း မော်လ်တာချန်ပီယံရှစ်မှ Velletta Fc အသင်းက ပြောသည်။

‘‘အပြေးချန်ပီယံကို အမြဲတမ်းကြိုဆိုပါတယ်ဗျာ။ Velletta Fc မှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူးလို့ ယုံကြည်ပါတယ်’’ဟု ယင်းအသင်း၏ မန်နေဂျင်းဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် ဂက်စတွန်စလီမန်၏ ပြောစကားကို ကိုးကား၍ ESPN က ဖော်ပြသည်။

ဩစတြေးလျနိုင်ငံရှိ အူစိန်ဘော့၏ အေးဂျင့်ကလည်း ယင်းသတင်းကို အတည်ပြုခဲ့သည်ဟု ESPN က ထပ်လောင်း ဖော်ပြသည်။

အောက်တိုဘာ ၁၂ ရက်က ဒေသခံအပျော်တမ်းအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အူစိန်ဘော့ အနေဖြင့် နှစ်ဂိုး သွင်းနိုင်ခဲ့သော်လည်း ဩစတြေးလျ အေ-လိဂ် ကလပ် Central Coast Marinersက ၎င်းကို ကြေးစားဘောလုံး သမားအဖြစ် စာချုပ်ချုပ်ရန် ကမ်းလှမ်းခြင်း မရှိခဲ့ပေ။

အသက် (၃၂)နှစ်အရွယ် ဘော့သည် ၂၀၁၈-၁၉ အေ- လိဂ်ဘောလုံးရာသီမစတင်မီ CentralCoast Mariners နှင့် စာချုပ်ချုပ် ခွင့်ရရေး ၎င်း၏ မျှော်လင့်ချက်ကို အစဉ်ဖွင့်ဟ ထုတ်ဖော်ခဲ့သည်။

ဘောလုံးကစားရာတွင် အူစိန်ဘော့အနေဖြင့် တိုးတက်မှုနှင့် ကြံ့ခိုင်မှုလက္ခဏာများ ပြသနိုင်ကြောင်း ဩစတြေးလျ ဘောလုံး သုံးသပ်အကဲဖြတ်သူအများစုက ပြောကြားသည်။

သို့သော် အူစိန်ဘော့အနေဖြင့် ဩစတြေးလျ ထိပ်တန်း A-League လိဂ်တွင် ကစားရန် အသင့်မဖြစ်သေးဟု ၎င်းတို့က ကောက်ချက်ချပြီး Central CoastMariners နည်းပြ မိုက်ခ်မယ်ဗေး ကလည်း ၎င်းသည် ကြေးစား ဘောလုံး သမားတစ်ဦးဖြစ်ရေး ကြိုးစားရန် လိုသေးသည်ဟု ပြောကြားသည်။

—Ref: Reuters