မန်ယူအသင်းအား ၀ယ်ယူရန် ဆော်ဒီတော်ဝင်မင်းသားတစ်ဦး ပစ်မှတ်ထားနေ

ဆော်ဒီအာရေဗျနိုင်ငံ၏ တော်ဝင်မင်းသားတစ်ဦးဖြစ်သူ မိုဟာမက်ဘင်ဆယ်လ်မန် သည် ပရီးမီးယားလိဂ်ကလပ် မန်ယူ အသင်းတွင် ရင်းနှီးမြှုပ်နှံရန်နှင့် အနာဂတ်တွင် မန်ယူအသင်းအား ၀ယ်ယူသွားရန် ပစ်မှတ်ထားနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ မိုဟာမက်ဘင်ဆယ်လ်မန် သည် ဆော်ဒီဘုရင်၏ သားတစ်ဦးဖြစ်ကာ ဆော်ဒီအာရေဗျ နိုင်ငံ၏ ဒုတိမြောက် သြဇာအာဏာ အကြီးမားဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ မိုဟာမက်ဘင်ဆယ်လ်မန်တို့ မိသားစုသည် ပေါင်သန်း ၈၅၀ ဘီလီယံခန့် ချမ်းသာကြွယ်ဝကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုအနေဖြင့် မန်ယူအသင်းအား ရောင်းချရန် စဉ်းစားခဲ့ပါက မိုဟာမက် ဘင်ဆယ်လ်မန် သည် မန်ယူအား ၀ယ်ယူရန်အတွက် ပေါင် ၃ ဘီလီယံကျော် ကျခံသုံးစွဲရဖွယ် ရှိကြောင်း သတင်းများတွင် ရေးသားထားသည်။

သို့သော်လည်း ဂလေဇာမိသားစုသည် မန်ယူအသင်းအပေါ် ထိန်းချုပ်ခွင့်ကို လက်မလွှတ်ရစေရေးအတွက် ရှယ်ယာအချို့ကိုသာ ရောင်းချဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

မန်ယူ၏ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်း၏ ပိုင်ရှင်ဖြစ်သူ City Football Group သည် ၂၀၁၅ ခုနှစ် အတွင်းတွင် အသင်း၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကျော်ကို တရုတ်စီးပွားရေး အုပ်စုတစ်ခုသို့ ရောင်းချခဲ့သကဲ့သို့ မန်ယူ အသင်းအနေဖြင့်လည်း အသင်း၏ ရှယ်ယာအချို့ကို ရင်းနှီးမြှုပ်နှံလိုသူများထံ ရောင်းချဖွယ် ရှိနေခြင်းဖြစ်သည်။ မိုဟာမက်ဘင်ဆယ်လ်မန် သည် မန်ယူ၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်ပြီး ပူးတွဲဥက္ကဋ္ဌလည်းဖြစ်သူ အာဗရန်ဂလေဇာ နှင့် တွေ့ဆုံရန် စီစဉ်ထားကာ မန်ယူအသင်းတွင် ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် ၀ယ်ယူရန် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ရှယ်ယာဈေးကွက်တွင် မန်ယူအသင်း၏ ရှယ်ယာတန်ဖိုးမှာ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်ဟု ဆိုသည်။

Ref:Skysports