ပြင်သစ်သားတစ်ဦး အကောင်းဆုံးဆုရသင့်ဟု ဂရစ်ဇ်မန်း ပြော

Ballon d’Or  ဆုကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းက ကစားသမားတစ်ဦးကသာရသင့်ကြောင်း အက်သ လက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က Ballon d’Or ဆုအတွက် ဆန်ကာတင် အယောက် ၃၀ စာရင်းထွက်လာခဲ့ရာတွင် မက်ဆီ၊ စီရော်နယ်ဒိုတို့အပြင် လက်ရှိဖီဖာ အကောင်းဆုံးဘောလုံးသမားဆု ရထားတဲ့ မိုဒရစ်တို့လည်း ပါဝင်လာခဲ့ပါတယ်။

ဂရစ်ဇ်မန်းက “ ပြင်သစ်ဟာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံအသင်းပါ။လက်ရှိမှာ အကောင်းဆုံးအသင်း ဖြစ်တာကြောင့် Ballon d’Or ဆုကိုလည်း ပြင်သစ်အသင်းက ကစားသမားတစ်ဦးကပဲ ရသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဆန်ကာတင် အယောက် ၃၀ စာရင်းတွင် ပြင်သစ်အသင်းမှ အမ်ဘတ်ပီ၊ကန်တီ၊ပေါ့ဘာ၊ ဗာရန်းနဲ့ ဂရစ်ဇ်မန်းတို့ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

အခြားသတင်းတပုဒ်မှာတော့ လူငယ်ကစားသမား အမ်ဘတ်ပီနဲ့ ပတ်သက်ပြီး ဂရစ်ဇ်မန်းက “သူရဲ့ခြေစွမ်းကို ကြည့်ရတာ ဟာ မန်ယူမှာစီရော်နယ်ဒို ကစားခဲ့တဲ့အချိန်တွေကို အမှတ်ရစေပါတယ်။ အဲ့ဒီတုန်းက စီရော်နယ်ဒို ကစားခဲ့တဲ့ပုံစံဟာ အခု အမ်ဘတ်ပီကစားနေတဲ့ ပုံစံပါပဲ” လို့ပြောခဲ့ပါတယ်။

90Minutes