ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းကြောင့် မက်ဂရီဂေါ် တစ်လဆိုင်းငံ့ခံရ

ခါဘစ်နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့တဲ့ UFC 229 ပွဲစဉ်အပြီးမှာ UFC ချန်ပီယံဟောင်း ကော်နာ မက်ဂရီဂေါ်ကို ကြံ့ခိုင်မှု အနေအထားအရ ပွဲထိုးသတ်ခွင့် ၁ လ ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။

အိုင်ယာလန်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့ စနေနေ့က လိုက်ဝိတ်ချန်ပီယံလုပွဲရဲ့ စတုတ္ထအချီမှာ ခါဘစ်ရဲ့ နောက်ကနေ လည်မျိုကို သိုင်းပြီး ဖမ်းချုပ်ခံခဲ့ရပြီးနောက် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ကျန်းမာရေး ကြံခိုင်မှုအနေအထားများအရ ဆိုင်းငံ့လိုက်တယ်ဆိုတဲ့ UFC အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ “မက်ဂရီဂေါ်ကို အောက်တိုဘာ ၂၈ အထိ ဆက်သွယ်မှာ မဟုတ်ဘဲ နိုဝင်ဘာ ၁၁ ရက်အထိ ဆိုင်းငံ့ခဲ့တယ်။”လို့ ဖော်ပြထားပါတယ်။

ဒုတိယအချီမှာ ခါဘစ်ရဲ့ အားပြင်းတဲ့ ညာဝိုက်လက်သီးချက်တွေက မက်ဂရီဂေါ်ကို ထိမှန်ခဲ့ပါတယ်။ အဲဒီနောက် စတုတ္ထအချီမှာ ခါဘစ်က နောက်ကနေ မက်ဂရီဂေါ်ရဲ့ လည်မျိုကို သိုင်းချုပ်ပြီး (Rare Nackd Chock) ချုပ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ မက်ဂရီအနေနဲ့ လွတ်လမ်းမရှိတော့တာကြောင့် ချုပ်ထားတဲ့လက်ကို ပုပ်ပြီး အရှုံးပေးကြောင်း အချက်ပြလိုက်ရပါတယ်။

အဲဒီပွဲစဉ်မှာ ထိခိုက်မှုတွေရတဲ့ မက်ဂရီဂေါ်ကို ကြံ့ခိုင်မှုအနေအထားအရ အောက်တိုဘာ ၂၈ ရက်အထိ လေ့ကျင့်ရေးလုပ်ဖို့ ဆက်သွယ်မှာမဟုတ်ဘူးလို့ UFC က ကြေညာထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပွဲအတွက် ထိခိုက်မှုများက ရုပ်ပိုင်းဆိုင်တစ်ခုသာ မဟုတ်ပဲ မက်ဂရီဂေါ်ဟာ ပွဲအပြီးမှာ ရုပ်ဆိုးအကျည်းတန်တဲ့ ရန်ပွဲဖြစ်ရခြင်း နောက်ကွယ်မှာ ပါဝင်ပတ်သက်မှုကြောင့် UFC နဲ့  နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ကာလရှည်ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ဖို့ ရှိနေလို့ ဆိုပါတယ်။

ပွဲအပြီးမှာ မက်ဂရီဂေါ်ရဲ့ အသင်းဖော် ဒီလွန်ဒန်းနစ်က ခါဘစ်ကို အပြင်ဘက်ထွက်လာခဲ့ဖို့ လက်ဟန်အမူအယာပြခဲ့ပါတယ်။ အဲဒီနောက်မှာ ခါဘစ်က သံဇကာဝိုင်းကို ကျော်တက်သွားခဲ့ပြီး အပြင်ဘက်မှာ တိုက်ခိုက်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်။

ခါဘစ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူကလည်း သံဇကာဝိုင်း (octagon) ထဲကို ဝင်ရောက်လာခဲ့ပြီး မက်ဂရီဂေါ်ကို ထိုးခဲ့ပါတယ်။ နောက်ထပ်လူနှစ်ယောက်ကပါ ဝင်လာပြီး တိုက်ခိုက်ခဲ့ပါတယ်။

နီဗားဒါးပြည်နယ်အားကစားကော်မရှင်က ဒီဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက်မှာတော့ ခါဘစ်ကို နောက်ထပ် ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ ရှိနေပြီး ၎င်းရရှိမယ့် ပေါင် ၁.၂ သန်းကိုလည်း ထိန်းသိမ်းထားလိုက်ပါတယ်။ ဒါပေမယ့် မက်ဂရီဂေါ်ကတော့ ဒီပွဲကနေ သူ့အတွက် ရမယ့် ပေါင် ၂.၃ သန်းကို ထုတ်ယူခွင့်ရခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နီဗားဒါးပြည်နယ်အားကစားကော်မရှင်နဲ့ UFC တို့က မက်ဂရီဂေါ်နဲ့ ခါဘစ်တို့ နှစ်ယောက်လုံးကို သီးခြားပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Ref; Daily Mail