ရုရှားစစ်လက်နက်များ ၀ယ်ယူမှုကြောင့် အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုလုပ်ပါက ဂရုမစိုက်ဟု အိန္ဒိယ တုံ့ပြန်

နယူးဒေလီ အောက်တိုဘာ ၉

ရုရှားနိုင်ငံမှ ထုတ်လုပ်သော စစ်လက်နက်များ ၀ယ်ယူမှုကြောင့် အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့မည်ဆိုပါက ဂရုစိုက်မည် မဟုတ်ဟု အိန္ဒိယဘက်မှ တုံ့ပြန်ခဲ့ကြောင့် ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယသည် ပြီးသည့်ရက်သတ္တပတ်အတွင်းက နိုင်ငံအတွင်းသို့ လာရောက်ခံသော ရုရှားသမ္မတပူတင်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားနိုင်ငံမှ ထုတ်လုပ်သော ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုဖြစ်သည့် S-400 ဒုံးခွင်းဒုံးစနစ်အား ၀ယ်ယူရန် သဘောတူညီမှုရယူခဲ့သည်။

အမေရိကန်အစိုးရက အဆိုပါ ဒုံးခွင်းဒုံးစနစ်အား ၀ယ်ယူမှု မပြုလုပ်ရန် အိန္ဒိယအစိုးရအား ဖိအားပေးမှု အကြိမ်ကြိမ် ပြုလုပ်နေသည့်ကြားမှ အိန္ဒိယအစိုးရသည် ဒုံးခွင်းဒုံးစနစ်ဝယ်ယူမည့် သဘောတူညီမှုအား လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယနှင့် ရုရှားတို့သည် နိုင်ငံကြားတွင် ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လည်း သဘောတူညီမှု ရယူခဲ့သည်။ အိန္ဒိယစစ်တပ်မှ ဗိုလ်ချုပ်မှူးကြီးဗီပင်ရာဝတ်က “ရုရှားဘက်ကနေ ဒုံးခွင်းဒုံးစနစ်ဝယ်ယူမှုကြောင့် အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ လုပ်နိုင်သလားလို့ မေးတော့ လုပ်နိုင်တယ်လို့ ဖြေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ စစ်လက်နက် ၀ယ်ယူတဲ့နေရာမှာ လွတ်လပ်တဲ့ မူဝါဒအတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပြောသည်။

NG(Ref; RT)