နုတ်ထွက်သွားတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေရာမှာ သမီးဖြစ်သူကို ခန့်အပ်မယ်လို့ ထရမ့် ပြော

ကုလသံအမတ်ကြီး Nikki Haleyနှင့် သမ္မတ Trump

ဝါရှင်တန်၊ အောက်တိုဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို လက်လွှတ်ဆုံးရှုံးလိုက်ရ ပေမယ့် ဒီနေရာရာထူးမှာ  သမီးဖြစ်သူကို အစားထိုးခန့်အပ်မယ်လို့ အောက်တိုဘာ ၉ ရက်က ပြောပါတယ်။

အမျိုးသမီးတစ်ဦး ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟေလီ နုတ်ထွက်သွားတာကြောင့် တကယ်လို့ ဆွေမျိုးစုကောင်းစားရေး လုပ်ဆောင်တယ်ဆိုပြီး တိုင်တန်းဝေဖန်တာတွေ မရှိဘူးဆိုရင် အံ့သြလောက်ဖွယ်အဖြစ် သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်ကို အစားထိုး ခန့်အပ်မယ်လို့ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အိုင်ဗန်ကာထရမ့်ကတော့ အဲဒီရာထူးကို သူရနိုင်တယ်ဆိုတဲ့ ကောလဟလတွေကို မြန်မြန်ဆန်ဆန်ပဲ ချေဖျက်ပြောဆိုပါတယ်။

“အရမ်းတော်ကြတဲ့ လုပ်ဖော်ကိုင်ဖက်များစွာနဲ့အတူ အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ရတာဟာ တကယ်ပဲ ဂုဏ်ယူစရာပါ။ သံအမတ်ကြီး နစ်ကီဟေလီနေရာအတွက် ခံ့ညားလောက်တဲ့ အစားထိုးခန့်အပ်မှုကို သမ္မတက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအစားထိုးနေရာဟာ ကျွန်မတော့ မဟုတ်ပါဘူး။”လို့ တွစ်တာမှာ ရေးသားပါတယ်။

အစောပိုင်းနာရီမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နုတ်ထွက်ကြောင်းကို သမ္မတ ထရမ့်က ကြေညာခဲ့ပါတယ်။ နစ်ကီဟေလီအနေနဲ့ ခုနှစ်ကုန်မှာ အံ့အားသင့်ဖွယ် ရာထူးက နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လူတော်တော်များများကို ဒီလစ်လပ်ရာထူးအတွက် လေ့လာကြည့်ရှုနေပါတယ်။”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။

“အိုင်ဗန်ကာက ဒီနေရာအတွက် အားဖြစ်ထွန်းစေမှာပါ။ ဒါဟာ ဆွေးမျိုးစု ကောင်းစားရေး လုပ်ဆောင်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ကို ပြောလိုတယ်။ လူတွေက သိတယ်၊ ဘာလဲဆိုတာ့ အိုင်ဗန်ကာက အားအင်တစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာကို သိနားလည်တယ်။ ဒါပေမယ့် ခင်ဗျားတို့ သိပါတယ်။ ဒီလိုသာ ခန့်အပ်ခဲ့မယ်ဆိုရင် ကျွန်တော့်ကို ဆွေးမျိုးကောင်းစားရေး လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲလာတော့မှာ ဖြစ်တယ်။”လို့ ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။

ထရမ့်အနေနဲ့ ၂၀၁၆ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် သူ့မိသားစုဝင်တွေကို နေရာပေးလာခြင်းကြောင့် ဝေဖန်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အိုင်ဗန်ကာနဲ့ သူ့ခင်ပွန်း ဂျာရတ်ကူရှနာတို့ဟာ အိမ်ဖြူတော်မှာ လစာမယူတဲ့ အဆင့်မြင့် အကြံပေးတွေအဖြစ် လုပ်ကိုင်လျက်ရှိတာလည်း ဖြစ်ပါတယ်။

-Ref; AFP