လူငယ် အမေရိကန်အမျိုးသားတွေအတွက် အလွန်စိုးရိမ်ကြောက်လန့်စရာ ကာလပဲလို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရားရုံးချုပ် တရားသူကြီးအဖြစ် သူ ရွေးချယ်ထားတဲ့ ဘရတ်ကယ်ဗန်နော့ အပေါ် စွပ်စွဲခံထားရတဲ့ ဆယ်စုနှစ်တွေ အကြာက လိင်ထိပါးစော်ကားမှုတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်က တုံ့ပြန်ပြောဆိုရာမှာ အမေရိကန်မှာ လူငယ်အမျိုးသားတွေအတွက် တကယ်ပဲ ကြောက်လန့်စရာကာလ ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

ထရမ့် ရွေးချယ်ထားတဲ့ လက်ရှိကွန်ဆာဗေးတစ်ဥပဒေပညာရှင် ကက်ဗန်နော့ဟာ ၁၉၈၀ ကာလ ကျောင်းသား ဘ၀တွေတုန်းက သောက်စားမူးယစ်ပြီး လိင်မဖွယ်မရာ ပြုကျင့်တယ်လို့ အမျိုးသမီး သုံးဦးက စွပ်စွဲပြောဆိုထား တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ထရမ့်က ဖြေကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

“အမေရိကန်မှာ လူငယ်အမျိုးသားတွေအတွက်တော့ တကယ်ကြောက်စရာ ကာလပဲ။ ဒီအမေရိကန်မှာ  ခင်ဗျားတို့ဟာ တစ်ခုခုကို အပြစ်လုပ်နိုင်လိမ့်မယ်၊ ဒါက အပြစ် ဖြစ်ချင်မှာလည်း ဖြစ်လိမ့်မယ်။”လို့ အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။

စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ငြင်းဆန်ထားတဲ့ ကယ်ဗန်နော့ဟာ သူဟာ သတိလက်လွတ် လူမှန်းသူမှန်း မသိတဲ့အထိ မမူးဘူးကြောင်း တွင်တွင်ငြင်းပြီး ကျောင်းသားဘ၀ကတော့ ဘီယာသောက်တာ ကို ကြိုက်ခဲ့ကြောင်း ဖြေထားပါတယ်။

ကယ်ဗန်နော့ဟာ မမျှမတ ဆက်ဆံခံနေရတာပဲလို့ သူ့ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ ထရမ့်က ဆိုပါတယ်။

“ကျွန်တော် ဘ၀တစ်လျှောက်လုံး ကြားခဲ့ရတယ်။ အပြစ်ရှိကြောင်း သက်သေမပြမချင်း ခင်ဗျားဟာ အပြစ်ကင်းတယ်ဆိုတာပဲ။ ဒါပေမယ့် ခုတော့ အပြစ်ကင်းကြောင်း သက်သေမပြမချင်း အပြစ်ရှိနေတာ ဖြစ်နေပြီ။ ဒါဟာ အမေရိကန် လူငယ်အမျိုးသားတွေအတွက် ကြောက်ရွံ့စရာပဲ ဖြစ်တယ်။”လို့ ထရမ့်က ပြောပါတယ်။

ကယ်ဗန်နော့ကို စွပ်စွဲထားချက်တွေနဲ့ ပတ်သက်ပြီး ဆီးနိတ်ရဲ့ မေတ္တာရပ်ခံချက်ကြောင် လက်ရှိအချိန်မှာ FBI က စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။

-Ref; AFP