အမေရိကန်လွှတ်တော်ရွေးကောက်ပွဲမှာ တရုတ်က ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေဟု ထရမ့် ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၇

တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန်တွေ ချမှတ်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ နိုဝင်ဘာ ၆ ရက်မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

“စိတ်မကောင်းစွာပဲ ကျွန်တော်တို့ မြင်တွေ့ကြားသိရတယ်။ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတယ်။ ကျွန်တော့်အစိုးရကို ဆန့်ကျင်ပြီး ခုလို နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ခြေထိုးဖို့ လုပ်နေတာပဲ ဖြစ်တယ်။”လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။

နျူကလီးယားလက်နက်တွေ မပြန့်ပွားမကြီးထွားရေး ကိစ္စရပ်ကို ဗဟိုပြုဆွေးနွေးတဲ့ အခု လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထရမ့်က ပြောလိုက်တာလည်း ဖြစ်ပါတယ်။

“သူတို့က ကျွန်တော်နဲ့ ကျွန်တော်အစိုးရကို မလိုလားကြဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ ကုန်သွယ်ရေးမှာ တရုတ်ကို စိန်ခေါ်ရဲတဲ့ ပထမဆုံးသမ္မတပဲ ဖြစ်သလို ကုန်သွယ်ရေးမှာ ကျွန်တော်တို့ အနိုင်ပန်းနေလို့ပဲ ဖြစ်တယ်။ အဆင့်တိုင်းမှာ ကျွန်တော်တို့က အောင်ပွဲခံနေတယ်။ ကျွန်တော်တို့အနေနဲ့တော့ လာမယ့်ရွေးကောက်ပွဲမှာ တရုတ်က ၀င်ရောက်စွက်ဖက်တဲ့ ကြိုးစားမှုမျိုးကို မလိုလားဘူး။”ဆိုပြီး  ထရမ့်က ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ စည်းဝေးနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ထရမ့်ရဲ့ စွပ်စွဲချက်ကို အကျိုးအကြောင်းမဲ့ ပြောတဲ့စကားတွေလို့ ရှုတ်ချလိုက်ပါတယ်။

“ဘယ်နိုင်ငံရဲ့ ပြည်တွင်းကိုမှ ကျွန်တော်တို့ မစွက်ဖက်သလို စွက်ဖက်ဖို့ ဆန္ဒလည်း မရှိဘူး။ တရုတ်ကို ဆန့်ကျင်တဲ့ အကြောင်းမဲ့ စွပ်စွဲချက်တွေအားလုံးကို ကျွန်တော်တို့ လက်သင့်ခံမှာလည်း မဟုတ်ဘူး။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အကြာက အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒန်ကုတ်စ်က နိုဝင်ဘာ  နှစ်လယ်ရွေးကောက်ပွဲမှာ ရုရှနဲ့ တရုတ်တို့ဟာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားဟန် လက္ခဏာတွေကို အမေရိကန်အစိုးရက တွေ့ရှိထားကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။

Mizzima