ထိုင်းရွေးကောက်ပွဲ ဖွေထိုင်းပါတီ အနိုင်ရ

ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်န၀တ်နဲ့ အဆက်အစပ်ရှိတဲ့ Pheu Thai ပါတီက မဲဆန္ဒနယ် ၁၃၆ နေရာနဲ့ အများဆုံး အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့က တရားဝင်ကြေညာလိုက်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ စစ်တပ်ကျောထောက်နောက်ခံ Palang Pracharath ပါတီက ၉၇ နေရာနဲ့ ဒုတိယလိုက်ပါတယ်။
ပါလီမန်မှာ အမတ်နေရာအများစုရဖို့ ထိပ်ဆုံးကပြိုင်ဘက် နှစ်ပါတီက မိတ်ဖက်အဖွဲ့တွေရဖို့ ကြိုးစားနေတဲ့ အတွက် နောက်အစိုးရကို ဘယ်လိုဖွဲ့မလဲဆိုတာ ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရွေးကောက်ပွဲ ရလဒ်ကို ထုတ်ပြန်ဖို့ အချိန်ဆွဲတာနဲ့ ကနဦး ထုတ်ပြန်တဲ့ မဲရလဒ်တွေက ရှုပ်ရှုပ်ထွေးထွေးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဟာ အကြီးအကျယ် ဝေဖန်ခံရရုံမက စစ်တပ်ကို မျက်နှာသာပေးပြီး စစ်တပ်ဘက် ယိမ်းတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

 -Ref:RFA