ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများ ပေးအပ်မည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တနှစ်တာအတွက် အကောင်းဆုံးဆုတွေ ပေးအပ်မယ့် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ  ပြုလုပ်သွားမှာပါ။

ဒီဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအပါအဝင် ဆုအမျိုးအစားပေါင်း ၈ မျိုးအထိ ပေးအပ်သွားမှာ ပါ။ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် ၃ ယောက် စာရင်းမှာ ဂျုဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို၊ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမား မိုဒရစ်နဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့ ပါဝင်ပါတယ်။

ရော်နယ်ဒိုဟာ ဂျုဗင်တပ်ကို မပြောင်းခင်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်မှာ ၃ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်အောင် ကူညီထားပါတယ်။ ကွင်းလယ်သမား မိုဒရစ်ကလည်း ရီးရဲလ်ကို ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ကူညီထားတဲ့အပြင် ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

အီဂျစ် တိုက်စစ်မှူး ဆာလက်ကတော့ လီဗာပူးအတွက် ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြပြီး ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အကောင်းဆုံး နည်းပြစာရင်းမှာတော့ ပြင်သစ်အသင်းနည်းပြ ဒတ်စ်ချန့်၊ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းနဲ့ ခရိုအေးရှား နည်းပြ ဒါလစ်တို့ ဆန်ခါတင် ရွေးချယ်ခံထားရပါတယ်။

-Ref; Sky sports