ကိုဗစ်ကာကွယ်ဆေးမထိုးသည့် ဂျိုကိုဗစ် ယူအက်စ်အိုးပင်း ယှဉ်ပြိုင်ခွင့် လက်လွှတ်ရဖွယ်ရှိ

ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတာကြောင့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို လက်လွှတ်ရဖွယ် ရှိပါတယ်။

ဆာဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော်က ပြိုင်ပွဲဝင်ခွင့်ရဖို့ အယူခံတင်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ စီစဉ်သူတွေက သူတို့မှာ အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေးမူဝါဒကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ဂျိုကိုဗစ်ဟာ ဒီနှစ်ဆန်းပိုင်းကလည်း သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲဝင်ဖို့  မဲလ်ဘုန်းမြို့ကို ရောက်ခဲ့ပြီးမှ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့အကြောင်းနဲ့ ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။

ဒါပေမဲ့ ဂျိုကိုဗစ်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရလို့ ပြိုင်ပွဲတွေ ဝင်ခွင့်မရခဲ့ရင် ပြိုင်ပွဲမဝင်ဘဲ နေမယ်လို့ အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။