မက်ဆီသာလျှင် ကမ္ဘာ့အကောင်းဆုံးဖြစ်ဟု စပိန်နည်းပြ လူးဝစ်အင်းနရစ် ပြော

ခရိုအေးရှားအသင်း ခေါင်းဆောင် လူကာမိုဒရစ်၏ ပါရမီကို စပိန်နည်းပြ လူးဝစ်အင်းနရစ်က အသိအမှတ်ပြု သော်လည်း အာဂျင်တီးနားလက်ရွေးစင် မက်ဆီသည် ကမ္ဘာပေါ်ရှိ ဘောလုံးသမားတိုင်းထက် ခြေတစ်လှမ်းသာ ကြောင်း အခိုင်အမာပြောကြားသည်။

ယခုနှစ် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆန်ခါတင်စာရင်းနှင့် ပတ်သက်၍ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်က ယင်းသို့ ထင်မြင်ချက်ပေးခဲ့ပြီး စာရင်းတွင် ပါဝင်လာခြင်း မရှိသူ ဘာစီလိုနာ ကြယ်ပွင့် မက်ဆီသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခင်သီတင်းပတ်က ကြေညာခဲ့သော ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးစာရင်းတွင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကူကာမိုဒရစ်၊ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနှင့် လီဗာပူးတိုက်စစ်မှူး ဆာလက်တို့ ပါဝင်သည်။ သို့သော် ပြီးခဲ့သည့်ရာသီက လာလီဂါဖလားနှင့် ကိုပါဒယ်ရေး ဖလားအပြင် ဥရောပရွှေဖိနပ်ဆု သိမ်းပိုက်ခဲ့သော မက်ဆီ ယင်း စာရင်းတွင် မပါဝင်ခြင်းက လူများကို ဝိဝါဒကွဲစေခဲ့သည်။

မိုဒရစ်သည် အထင်ကြီးစရာ ကောင်းသော ပါရမီရှင်ဖြစ်သော်လည်း မက်ဆီက ၎င်းထက် သာလွန်ကြောင်း စပိန်နှင့် ခရိုအေးရှားပွဲမကစားမီ အင်းနရစ်က ပြောကြားသည်။

‘‘ခရိုအေးရှားကစားသမားတွေအကြောင်း ပြောမယ်ဆိုရင် မိုဒရစ်နဲ့ ပါရီဆစ်အကြောင်း ပြောချင်ပါတယ်။ သူတို့ဟာ တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့ ထိုက်တန်သူပါ။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအကြောင်း ပြောရမယ်ဆိုရင်၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုပေးရမယ်ဆိုရင် ကျန်တဲ့သူတွေအားလုံးထက် ပိုပြီး ကောင်းမွန်တဲ့ မက်ဆီကို ကျွန်တော်ပေးမှာပါ’’ဟု အင်းနရစ်က ပြောသည်။

ယာယီနည်းပြ ဟီယာရို၏ နေရာကို ဆက်ခံကာ ၂၀၁၈ ဇူလိုင်၉ ရက်က စပိန်နည်းပြဖြစ်လာသူ အင်းနရစ်သည် ဘာစီလိုနာကို ၂၀၁၄ မှ ၂၀၁၇ အထိ ကိုင်တွယ်ခဲ့သည်။

—Ref: Goal