ONE ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ အဘာဆော့ဗ်က မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်

ONE Championship အဖွဲ့အစည်းက ကျင်းပနေသည့် MMA ပြိုင်ပွဲများ၏ ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ ဖြစ်သူ ကာဂျစ္စတန်ဖိုက်တာ အဘာဆော့ဗ်က မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ် လိုကြောင်း ၎င်း၏ Instagram မှတစ်ဆင့် စိန်ခေါ်ပြောဆိုခဲ့သည်။

”သူငယ်ချင်း (အောင်လအန်ဆန်) ရေ သြဂုတ် ၂၆၊ ၂၇ ရက်မှာ မင်းဘာအစီအစဉ်တွေရှိလဲ။ ငါတို့နှစ်ယောက်ကြားမှာ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေ ရှိနေသေးတယ်နော်” ဟု အဘာဆော့ဗ်က ရေးသားထားသည်။

အဘာဆော့ဗ်၏ စိန်ခေါ်ပြောဆိုမှုနှင့် ပတ်သက်၍ အောင်လအန်ဆန်ဘက်က တစ်စုံတစ်ရာ ပြန်လည် တုံ့ပြန်ပြောဆိုမှုများ မတွေ့ရသေးကြောင်း သိရသည်။

အဘာဆော့ဗ်သည် ONE Championship အဖွဲ့အစည်းက ကျင်းပမည့် သြဂုတ် ၂၆၊ ၂၇ ရက် ပွဲစဉ်များအတွက် အောင်လအန်ဆန်ကို စိန်ခေါ်စကားဆိုခဲ့သော်လည်း လက်ရှိတွင် ယင်းနေ့အတွက် တွဲဆိုင်းများကို ONE Championship က တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် ONE 160 ဟု အမည်ပေးထားသည့် သြဂုတ် ၂၆ ရက် ကျင်းပမည့်ပြိုင်ပွဲနှင့် ONE 161ဟု အမည်ပေးထားသည့် သြဂုတ် ၂၇ ရက် ကျင်းပမည့်ပြိုင်ပွဲများတွင် အဘာဆော့ဗ် နှင့် အောင်လအန်ဆန်တို့ နှစ်ဦးစလုံး၏ ပွဲစဉ်များကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သူ ကာဂျစ္စတန်နိုင်ငံသား အဘာဆော့ဗ်သည် ONE ဝယ်လ်တာဝိတ်တန်းချန်ပီယံခါးပတ်ကို ၂၀၁၉ ခုနှစ်အတွင်းက ဆွီဒင်နိုင်ငံသား ခါဒီစတမ်ကို အနိုင်ယူပြီး ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

အဘာဆော့ဗ်သည် လက်ရှိအချိန်အထိ MMA ပြိုင်ပွဲ ၂၈ ပွဲ ထိုးသတ်ထားရာ ၂၃ ပွဲနိုင်၊ ငါးပွဲရှုံးနိမ့်ထားသည်။

အဘာဆော့ဗ်သည် ONE ဝယ်လ်တာဝိတ်တန်းချန်ပီယံခါးပတ်ရရှိပြီးနောက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် အမေရိကန်နိုင်ငံသား ဂျိမ်းစ်နာကာရှီမာနှင့် ယှဉ်ပြိုင်ထိုးသတ်ရာ စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

သို့သော် အဘာဆော့ဗ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အောင်လအန်ဆန် ပိုင်ဆိုင်ခဲ့ဖူးသည့် ချန်ပီယံခါးပတ်နှစ်ခုစလုံးကို လွှဲပြောင်းသိမ်းပိုက်ခဲ့သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် Submission ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရာတွင်မူ ရှုံးနိမ့်ခဲ့သည်။

ONE Championship သည် စက်တင်ဘာတွင် ပြိုင်ပွဲနှစ်ပွဲကျင်းပရန် စီစဉ်ထားပြီး ယင်းပွဲစဉ်များတွင် အောင်လအန်ဆန် ယှဉ်ပြိုင်ထိုးသတ်ရမည့်ပွဲ ပါဝင်လာဖွယ်ရှိနေသည်။

ဒီရစ်ဒါသည် အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာနှင့် ONE လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ၂၀၂၁ ခုနှစ် ဧပြီတွင် လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။