စပါးကို ရှုံးခဲ့တဲ့ ပွဲမှာ အသင်းရဲ့ကစားပုံကို လက်ခုပ်တီးပြီး အားပေးခဲ့တဲ့ မန်ယူ နည်းပြမော်ရင်ဟို

ပြီးခဲ့တဲ့ တနင်္လာနေ့ က မန်ယူဟာ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမဲ့ စပါးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ လိဂ် ၃ ပွဲကစားပြီး ချိန်မှာ ရှုံးပွဲ ၂ ပွဲအထိ ရှိသွားခဲ့ပါတယ်။

ရာသီအဖွင့်ပွဲစဉ်မှာ လက်စတာကို အနိုင်ရခဲ့ပေမဲ့ ဘရိုက်တန်ကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ မန်ယူဟာ စပါးနဲ့ပွဲမှာလည်း အဓိက,ကစားသမားအများစု ပါဝင်ခဲ့ပေမဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ မန်ယူဟာ စပါးနဲ့ပွဲမှာ ပထမပိုင်း ဂိုးမရှိ သရေကစားခဲ့သော်လည်း ဒုတိယပိုင်းတွင် ဟယ်ရီကိန်း ၊ လူးကပ်မော်ရာတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။

စပါးကို ရှုံးနေချိန်မှာ မန်ယူအသင်းနည်းပြ မော်ရင်ဟို ဟာ ပရိသတ်တွေဘက်ကို ကြည့်ပြီး အသင်းရဲ့ကစားပုံကို အားပေး ရန် လက်ခုပ်တီးမှုပြုလုပ်ခဲ့ပြီး ပရိသတ်တွေကလည်း လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက “ အပြောင်းအရွေ့ ဈေးကွက်က ဇန်နဝါရီလမှ ပြန်ဖွင့်မှာပါ။

ဒီကစားသမားအပြောင်းအရွေ့အတွက် အခုချိန်မှာ ကျွန်တော် အနေနဲ့ ပြောစရာစကားမရှိပါဘူး။များစွာတဲ့ ပရိသတ်တွေလည်း ဒီပွဲကို ကြည့်ခဲ့မှာပါ။ဒါဟာ မန်ယူအသင်းရဲ့ ကစားဟန် ဟုတ်ရဲ့လားဆိုတာကို သိကြမှာပါ။ သူတို့မှာ စည်းလုံးညီညွှတ်မှုနဲ့ မျှဝေခံစားမှုတွေ ပျောက်ဆုံးနေတာကို တွေ့ရမှာပါ” လို့ Sky Sport ကို ပြောခဲ့ပါတယ်။

အခြားသတင်းတွေမှာတော့ မန်ယူအသင်းဟာ နည်းပြမော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ရီးရဲလ်နည်းပြ ဟောင်း ဇီဒန်းကို ဆက်သွယ်နေတယ်လို့ သိရပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုဟာ ရာသီမစခင်မှာ ပထမဆုံး ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြ အဖြစ် ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။

90Minutes