ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ရခိုင်ပြည်နယ်တာဝန်ခံ အမ်းဒေသခံများ နှင့် ဒေသတွင်း လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေး

 

စစ်တွေ သြဂုတ် ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင်မောင်အုန်းဦးဆောင်သော အမ်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များသည် ယခုလ ၂၅ ရက် နံနက် ၉ နာရီက အမ်းမြို့ လေယာဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံ၌ ရပ်ကွက်နေ မိဘပြည်သူများနှင့် ဒေသတွင်းလိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပွဲစကားဝိုင်း ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် လိုအပ်ချက်များအား တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိဒေသဖွံ့ဖြိုးတိုးတက်ရန် အချင်းချင်းစည်းလုံးညီညွတ်ရန် အလွန်အရေးကြီးကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။ ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများက ပညာရေးအတွက် ကျောင်းဆောင်သစ်များရရှိရန်၊ ဆောက်လုပ်မည့်မြေနေရာရရှိထားရန်၊ ပြိုပျက်နေသော ဘောက်စ်ကာဘာများ ၊ လမ်းများကို ပြန်လည် ပြုပြင်ပေးရန်စသည့် မိမိတို့ရပ်ကွက်အတွင်း လိုအပ်သည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့သည်။
ထို့အပြင် ယခုလ ၂၄ ရက် မွန်းလွဲ ၁ နာရီကလည်း အမ်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဦးမောင်မောင်အုန်းသည် အမ်းမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ၄င်းက မြို့ နယ်၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အမ်းမြို့ ရေကြီးနစ်မြုပ်မှုကို ကာကွယ်နိုင်ရေးနှင့် ရခိုင်ပြည်နယ် အေးချမ်းသာယာစွာနေနိုင်ရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။
တက်ရောက်ဆွေးနွေးခဲ့ကြသော ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပါတီအနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့/လွှတ်တော်အနေဖြင့်လည်းကောင်း ကူညီဆောင်ရွက်ပေးနိုင်ရန် မိမိအနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဦးမောင်မောင်အုန်းသည် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီကာလ ရခိုင်ပြည်နယ်၏ ဒုတိယမြောက် ဝန်ကြီးချုပ်တစ်ဦးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
၂ဝ၁၅ ရွေးကောက်ပွဲကာလတွင် အမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရာမှ အနိုင်ရရှိကာ လက်ရှိအချိန်၌ ပြည်နယ်လွှတ်တော်တွင် အမ်းမြို့နယ်အကျိုးအတွက် ပြည်နယ်လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။