အမေရိကန်အမျိုးသမီးအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ လီ (၆) ဗိုလ်စွဲ

ဇွန်လ ၂ ရက်က ကျင်းပပြီးစီးခဲ့သော (၇၄) ကြိမ်မြောက် အမေရိကန်အမျိုးသမီးအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ လီ (၆)ဂျွန်ဂီအန်က သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်လျှော့ရိုက်ကာ  အနိုင်ရ ဗိုလ်စွဲခဲ့သည်။ အသက် (၂၃) နှစ်အရွယ် လီ (၆) သည် ၁၉၉၈ က ပက်ခ်ဆီရီ အနိုင်ရဗိုလ်စွဲပြီးနောက်ပိုင်း အမေရိကန် အမျိုးသမီး အိုးပင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်သော ၁၀ ဦး မြောက်တောင်ကိုရီးယားအမျိုးသမီးဖြစ်လာပြီး ဆုကြေးငွေ ကန် ဒေါ်လာ တစ်သန်းရရှိသော ပထမဆုံးဂေါက်သီးမယ် ဖြစ်လာသည်။ 

အမေရိကန်မှ အန်ဂျယ်ယင်၊ လီသွမ်မဆင်နှင့် တောင်ကိုရီးယားနိုင်ငံသူ ရူဆိုးယီအွန်တို့က သတ်မှတ် ရိုက်ချက်ထက် လေးချက်စီလျှော့ရိုက်ကာ ပူးတွဲဒုတိယဆုရရှိသည်။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဂေါက်ရိုက်အသင်း (KLPGA) သို့ ၀င်ရောက်စဉ်က အမည်တူဂေါက် သီးမယ် ခြောက်ဦး ရှိနေသဖြင့် လီ သည် ၎င်း၏ အမည်နောက်တွင် (၆) ဂဏန်း ထည့်ခဲ့သည်။ ‘‘ဒါကြောင့် လီ(၆)လို့  ပြိုင်ပွဲ တာဝန်ရှိသူတွေက ရေးခဲ့တာပါ၊ ဒါပေမဲ့ ဒါကကျွန်မကို ကံကောင်းစေတဲ့ နံပါတ်ပါ။ ဒါကြောင့် ကျွန်မအမည်ရဲ့ နောက်ဆုံးမှာ (၆) လို့ ထည့်ထားတာကို  နှစ်သက်ပါတယ်’’ဟု လီ(၆)က ပြောကြားသည်။

-Ref; ap/bbc