အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ထုတ်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံး ကျဆုံး

ကဘူးလ်၊ သြဂုတ် ၁၄

အာဖဂန်နစ္စတန် ဂါဇနီမြို့က တာလီဘန်တွေကို တိုက်ထုတ်နေတဲ့ ဖြစ်ပွားဆဲ တိုက်ပွဲအတွင်းမှာ ကျဆုံးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ အနည်းဆုံးရှိတယ်လို့ အစိုးရ၀န်ကြီးတစ်ဦးက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

“တိုက်ပွဲစဖြစ်ပြီး လေးရက်မြောက်အထိမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပါတယ်။ အရပ်သား ၂၀  က ၃၀ ကြား သေဆုံးတယ်။”လို့ ကာကွယ်ရေးဝန်ကြီး ဘာဟာရာမီက ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေရာ ဂါဇနီမြို့ဆီ စစ်ကူတွေ ထပ်မံအားဖြည့်ထားချိန်၊ တာလီဘန်တည်နေရာတွေကို လေကြောင်း ပစ်မှတ်ထားပြီး တိုက်ခိုက်ရေးသမား ၉၅ ဦးကို သုတ်သင်ထားချိန်မှာ ခုလို သတင်းစာရှင်းလင်း ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။

“အဓိက တပ်မှူး ၁၂ ဦးအပါအ၀င် စုစုပေါင်း ရန်သူတိုက်ခိုက်ရေးသမား ၁၉၄ ဦးကို သုတ်သင်ထားနိုင်ပါတယ်။”လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

တိုက်ပွဲဖြစ်ရာ မြို့နဲ့ ဆက်သွယ်ရေးကွန်ရက်တွေ အများစု ပြတ်တောက်နေပြီး မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်မပြောဘဲ သတင်းအချက်အလက် အတည်ပြုချက်ရရန်လည်း ခက်ခဲလို့ နေပါတယ်။

ခု ဂါဇနီတိုက်ပွဲတွေဟာဆိုရင် တာလီဘန်တွေရဲ့ မြို့ပြအရပ်တစ်ခုကို သိမ်းပိုက်ရေး နောက်ဆုံးကြိုးစားလာမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

၁၇ နီးပါးကြာ စစ်ပွဲအဆုံးသတ်ရေးအတွက် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တာလီဘန်တွေကို ဖိအားပိုမို ပေးလျက်ရှိစဉ်မှာ ပေါ်ပေါက်လာတဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။

-Ref; AFP