တရုတ်ဆေးကုမ္ပဏီမှ ထုတ်လုပ်သည့် နှလုံးရောဂါဆေးတမျိုး ပြန်ရုပ်သိမ်း

တရုတ် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတခုက ထုတ်လုပ်ပြီး နှလုံးရောဂါအတွက် ယေဘုယျသုံးတဲ့ ဆေးတမျိုးကို နိုင်ငံတကာကနေ ပြန်ရုပ်သိမ်းနေပါပြီ။ အဲဒီဆေးထဲမှာ အန္တရာယ်ရှိ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ ပါနေတာ တွေ့ရတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

သွေးတိုးနဲ့ နှလုံး ပျက်စီးမှု ကာကွယ်တဲ့ ဗယ်လ်စာတန်လို့ ခေါ်တဲ့ ဆေးကို ဥရောပနဲ့ မြောက်အမေရိက နိုင်ငံပေါင်း ၂၂ နိုင်ငံကနေ ဇူလိုင်အစောပိုင်းမှာ ပြန်သိမ်းနေတာပါ။ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုမိသားစုထဲမှာပါတဲ့ နိုက်ထရိုဆိုဒီ မီသိုင်းလမင်း NDMA အော်ဂဲနစ် ဓာတုပစ္စည်းတွေပါတာ တွေ့ခဲ့ပါတယ်။ ဒါဟာ အချိန်တလ မပြည့်ခင်မှာ တရုတ်ရဲ့ အကြီးစား ဆေးဝါးဆိုင်ရာ ဒုတိယမြောက် ပြဿနာ ဖြစ်ပါတယ်။

မွေးကင်းစ ကလေးတွေကို ဘေးသင့်စေခဲ့တဲ့ ထောင်သောင်းချီနေတဲ့ ကာကွယ်ဆေးတွေမှာ ချွတ်ယွင်းချက် ရှိကြောင်း ဒီလထဲမှာ တွေ့ခဲ့လို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဒီဆေးကို တရုတ်အရှေ့ပိုင်း လင်ဟိုင်မြို့အခြေစိုက် ကျဲ့ကျန်း ဟွာဟိုင် ဆေးကုမ္ပဏီ ZHP က ဖြန့်ဖြူးပြီး ညစ်ညမ်းပစ္စည်းတွေ ပါသွားတယ်ဆိုတာ သိသိချင်း အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။

ZHP ဟာ စည်းမျဉ်းတွေနဲ့အညီ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ခဲ့ပြီးပြီလို့ တရုတ်အစိုးရမီဒီယာ ဆင်ဟွာက ကြေညာခဲ့ပါတယ်။

DVB