ဆီးရီးယားမှာ ဂျပန်နဲ့ အီတလီနိုင်ငံသား ၂ ဦး ဓားစာခံဖမ်းဆီးခံထားရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်

သြဂုတ် ၁

ဂျပန်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးနဲ့ အီတလီ အမျိုးသားတစ်ဦးတို့ကို ဆီးရီးယားမှာ ဓားစာခံ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဗီဒီယိုတွေကို ဂျီဟက် ၀ါဒီအဖွဲ့တစ်ခုက ထုတ်ဖော်လိုက်ကြောင်း အမေရိကန် အခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။

ယင်းဗီဒီယိုတွေထဲမှာတော့ ဓားစာခံအဖမ်းခံထားရသူနှစ်ဦးဟာ ၎င်းတို့လွတ်မြောက်ဖို့ အကူအညီတောင်းခံ ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဂျပန် အလွတ်တန်း ဂျာနယ်လစ် ယာဆူဒါ နဲ့ အီတလီနိုင်ငံသား အလက်ဆန်ဒရို ဆန်ဒရီနီ တို့ နှစ်ဦးကို သီးခြား ဗီဒီယိုတစ်ခုစီထဲမှာ တွေ့ရကြောင်း ဂျီဟက်ဝါဒီ အဖွဲ့တွေရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SITE group က ထုတ်ပြန်ပါတယ်။

ယခု ဓားစာခံဖမ်းဆီးမှုတွေကို ဘယ်အကြမ်းဖက်အဖွဲ့က ကိုင်တွယ်နေတာလဲဆိုတာကိုတော့ SITE က ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဗီဒီယိုတွေထဲမှာတော့ ဂျပန်နဲ့ အီတလီ အမျိုးသားနှစ်ယောက်စလုံးဟာ လိမ္မော်ရောင် ၀တ်စုံတွေ ၀တ်ဆင်ကာ နံရံတစ်ခုရှေ့မှာ ဒူးထောက်ထိုင်နေကြပြီး ၎င်းတို့နောက်မှာတော့ ခေါင်းအစ ခြေအဆုံး အနက်ရောင်ဝတ်ထားပြီး မျက်နှာစည်းထားတဲ့ လက်နက်ကိုင်အမျိုးသားတွေ မတ်တပ်ရပ်နေတာကို တွေ့ခဲ့ရပါတယ်။

ယာဆူဒါကတော့ ၂၀၁၅ ခုနှစ်လောက်တုန်းက အယ်လ်ကေးဒါးအဖွဲ့ခွဲ အယ်လ် နျူစရာ တပ်ဦး အဖွဲ့က ပြန်ပေးဆွဲသွားခြင်း ဖြစ်ပုံရကြောင်း ယူဆရပါတယ်၊ ၎င်းဟာ ဗီဒီယိုထဲမှာ သူ့ကိုယ်သူ ကိုရီးယားပါလို့ ပြောခဲ့ပေမယ့် ဂျပန်လို ပြောသွားခဲ့ပါတယ်။ သူ့အနေနဲ့ ဂျီဟတ်အဖွဲ့လက်ထဲမှာ အခြေအနေ ဆိုးနေလို့ အကူအညီပေးကြဖို့ တောင်းခံထားပါတယ်။

အလားတူ အခြားဗီဒီယိုတစ်ခုမှာလည်း အီတလီနိုင်ငံသား ဆန်ဒရီနီက ၎င်းလွတ်မြောက်ဖို့ အီတလီအစိုးရ ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

-Ref; AFP