အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ခြင်းက အကြီးဆုံးအမှားပါလို့ ၀န်ခံလိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ဘ၀အတွက်အကြီးမားဆုံးအမှားက အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခြင်းသာဖြစ်တယ်လို အလွန်အံ့အားသင့်ဖွယ်ရာကောင်းစွာ ၀န်ခံသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ကြိမ်၊ အက်ဖ်အေဖလား ၇ကြိမ်နဲ့ အတူ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိချန်ပီယံအသင်းအဖြစ် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နောက်ပိုင်းရာသီတွေမှာ အောင်မြင်မှုနဲ့ အလှမ်းဝေးလာတဲ့ အခြေအနေတွေကြောင့် အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု ကျဆင်းသွားခဲ့ပါတယ်။

ဒါကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ပြီးခဲ့တဲ့ရာသီအကုန်မှာပဲ အသင်းနဲ့ ဆယ်စုနှစ် နှစ်ခုအကြာ လက်တွဲမှုကို အဆုံးသတ်ခဲ့ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ အာစင်ဝင်းဂါးဟာ RTL ရုပ်/သံ အင်တာဗျူး အစီအစဉ်မှာ အာဆင်နယ်အသင်း နဲ့ ပတ်သက်ပြီး အကြီးမားဆုံးအမှားက ဘယ်အရာလဲ ဆိုတဲ့ မေးခွန်းကို အခုလိုဖြေကြားသွားခဲ့ပါတယ်။

“အာဆင်နယ်အသင်းမှာ ၂၂ ကြာအောင်နေခဲ့တာက ကျွန်တော့်အတွက် အကြီးမားဆုံးအမှားဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း သူများတကာတွေကို အသင်းတွေရွှေ့ပြောင်းပြီး ကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။ စိန်ခေါ်မှု တွေကိုလည်း နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်စိန်ခေါ်မှုတွေကြားမှာ အကျဉ်းသား ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်အသင်းအတွက် စွန့်လွှတ်ပေးဆပ်ခဲ့တာတွေ အတွက် နောင်တရနေမိတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော့အနားကလူတွေက ကျွန်တော့်ကို နာကျင်စေခဲ့လိုပါပဲ။ အသင်းအတွက် ကျွန်တော် လူအများကြီးကို လျစ်လျူရှုခဲ့တယ်။ ကျွန်တော့မိသားစုကို လျစ်လျူရှုခဲ့တယ်။ ကျွန်တော့်ရဲ့ အနီးဆုံး တစ်ယောက်ကိုလဲ လျစ်လျူရှုခဲ့တယ်။ သေသေချာချာတွေးကြည့်ရင် ကိုယ်မြတ်နိုးတဲ့အလုပ်ကို စွဲစွဲလမ်းလမ်း လုပ်နေခြင်းမှာ တစ်ကိုယ်ကောင်းဆန်သွားခဲ့တယ်။ အခြားသောအရာတွေကို လျစ်လျူရှုခဲ့တယ်။ ဒါပေမယ့် အရာအားလုံးက တစ်ချိန်တည်းမှာ အလဟသဖြစ်ခဲ့ရတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

-Ref; Sky sports