ကုလသမဂ္ဂနှင့် မြန်မာအကြား အပြုသဘောဆောင်သည့်ပံ့ပိုးမှုများ ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း အထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား  အပြုသဘော ဆောင်သည့်ပံ့ပိုးမှုများ ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့ (ဇွန်လ၁၃ရက်)တွင် ကုလအတွင်းရေးမှူးချုပ်၏အထူး ကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာကို နေပြည် တော်၌လက်ခံ တွေ့ဆုံရာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကုလအထူးကိုယ်စားလှယ်ကို မြေပြင်အခြေအနေနှင့် နက်နဲရှုပ်ထွေးမှုများ၏ ပကတိ အခြေအနေများအား သိရှိနားလည်ပြီး အမှန်တရား ဘက်ကရပ်တည်ရန်နှင့် အခြေအနေမှန်များကို နိုင်ငံတကာအသိုက်အဝန်းမှ သိရှိနိုင်စေရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

 အထူးကိုယ်စားလှယ်ကလည်း ခရီးစဉ်လာရောက်ခြင်းသည် ရခိုင်ပြည်နယ်ကိစ္စ  ဖြေရှင်းရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်နိုင်ရေး ညှိနှိုင်း ဆောင်ရွက် ပေးရန် ဖြစ်ကြောင်း၊ အသိုက်အဝန်းနှစ်ခု ပိုမိုနီးကပ် လာစေရန်နှင့် မြန်မာနိုင်ငံ၏ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တို့ကို အ ထောက်အကူပြုရန်ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

 ‘‘အဆင်ပြေပါတယ်။ သူလုပ်မယ့်လုပ်ငန်းတွေ ရှင်းပြပါတယ်။ ကျွန်တော်တို့ဘက်က လည်း သူသိသင့်သိထိုက်တဲ့ အချက်အလက်လေးတွေကို သူ့ကို အသိပေးပါတယ်’’ ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ယမန်နေ့တွေ့ဆုံမှုနှင့်ပတ်သက်၍ ရှင်းပြသည်။

ကုလအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာသည် ရခိုင်ပြည်နယ်အရေးကိစ္စ တစ်ခုတည်း မဟုတ် ဘဲ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ် များပါ ကူညီဆောင်ရွက်မည်ဟု ဦးမြင့်သူကရှင်းပြသည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်နှင့် မစ္စစ်ခရစ္စတင်းရှယန် နာဘာဂီနာတို့သည် ရခိုင်ပြည်နယ် အရေးအပါ အဝင် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်း ရာ၌ မြန်မာအစိုးရနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်ရုံး တို့အကြား ပူးပေါင်း ဆောင်ရွက် မှုများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တို့နှင့်ပတ်သက်၍ မြန်မာအစိုးရ၏  ကြိုးပမ်းအားထုတ်မှုများအပေါ် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

အထူးကိုယ်စားလှယ်သည် ယနေ့(ဇွန်လ ၁၄ ရက်)တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တွေ့ဆုံရန် စီစဉ်ထားပြီး နေပြည်တော်ရှိ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေး နွေးမည်ဖြစ်သည်။ ခရီးစဉ်အတွင်း ရခိုင်ပြည် နယ်မြောက်ပိုင်းသို့ သွားရောက်၍  ရခိုင်ပြည်နယ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး ရန်ကုန်မြို့၌ ကုလသမဂ္ဂ အေဂျင်စီများ၊ သံတမန်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ် ထားကာ ဇွန်လ ၂၂ ရက်ခန့်တွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။