ရခိုင်ပြည်နယ်မြို့နယ်အများအပြားတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံများအား အရေးပေါ်နေရာပြောင်းရွှေ့ပေး

13600004_1200709896626820_5661073049181550904_n

ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ရေကြီးနစ်မြုပ် မှုရင်ဆိုင်နေရပြီး ဒေသခံများအား ရေဘေးလွတ်ရာသို့ အရေးပေါ် နေရာပြောင်းရွှေ့ပေးနေရကြောင်း ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။ ရခိုင်ပြည်နယ် တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဘူးသီးတောင်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များ၌ ဇူလိုင် ၅ ရက်နေ့လယ်မှ စတင်၍ ရေကြီးနစ် မြုပ်မှုများရင်ဆိုင် နေရကြောင်း သတင်းရရှိ သည်။

‘‘ကျွန်တော်တို့စုထားတဲ့အ ချက်အလက်တွေအရ ရခိုင်ပြည်နယ်က မြို့တွေမှာ ရေလွှမ်းမိုးမှု ပြန်ပြီး ရင်ဆိုင်နေရတယ်။ မနှစ်ကလိုမျိုး ဖြစ်လာမှာ စိုးနေတယ်’’ဟု တောင်ကုတ်မြို့နယ် ရခိုင်လူမှုကွန်ရက်မှ ဦးကျော်ဌေးမင်းက ပြောသည်။

မင်းပြားမြို့နယ်သည် အဆိုး ရွားဆုံး ရင်ဆိုင်နေရပြီး မြေနိမ့် ပိုင်းရပ်ကွက်အချို့နှင့် ကျေးရွာ ၁၀ ရွာခန့် ရေကြီးနေကာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ထားရကြောင်း ဒေသခံ ဦးစောအောင်ထွန်းက ပြော သည်။ဇူလိုင် ၄ ရက်က မိုးသည်း ထန်စွာရွာသွန်း၍ ဇီးချောင်းဆည် ရေလျှံမှုကြောင့် ကျောက်တော် မြို့နယ် သရက်တစ်ပင်ကျေးရွာ အနီး (မဟာမုနိဘုရားအနီး)တွင် ကားလမ်းကို ရေကျော်နေသဖြင့် ကားများ သွားလာမရ ဖြစ်ခဲ့ ကြောင်းသရက်တစ်ပင်ကျေးရွာ နေ ကိုဇော်ချေကပြောသည်။

အမ်းမြို့နယ် သလူမော် ကျေးရွာတွင် ရေ၀င်ရောက်မှုကာ ကွယ်ရန် ရွာကိုပတ်ကာ ဆည်ဖို့ထားသည့် ကာရီ(တာ)မှာ မိုးကြီးရေစီးသန်ခြင်းနှင့်အတူ ကျိုးပျက်သွား သဖြင့် နေအိမ်များတွင် ရေလေးပေကျော်အထိ နစ်မြုပ်နေ ကြောင်း ရွာခံဦးခင်မောင်ဝင်းက ဆိုသည်။ ဇူလိုင် ၅ ရက်ကလည်း ချောင်းရေ တက်လာခြင်းကြောင့် မြောက်ဦးမြို့မစည်ပင် သာယာဈေးကြီးရှိ ဆိုင်ခန်းထက်ဝက်ခန့်သည် ရေသုံးပေခန့်မြင့်တက်လာ၍ ဈေးဆိုင်ပိုင်ရှင်များ ဈေးတွင်းမှ ပစ္စည်း များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဆို သည်။

‘‘ချောင်းရေ တိုးလာတာ ကြောင့် ဈေးကြီးထဲက ဆိုင်ခန်း တစ်ဝက်လောက် ရေမြုပ်နေပါတယ်။ ပစ္စည်းတွေကို မနက်ကတည်းက ပြောင်းနေတာ’’ဟု မြောက်ဦးမြို့မ ဈေးမှ ဦးအောင်သန်းထွန်းကပြောသည်။ မိုးသည်းထန်ကာ ရေနစ်မြုပ်မှုကြောင့် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာနေ ဒေသခံငါးရာကျော်တို့သည် မဟာမုနိ ဘုရား ကုန်းပေါ် သို့ လာရောက်ခိုလှုံနေကြကြောင်း ဘုရားဂေါပကတစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်တွင် ရေလွှမ်းမိုးမှုရင်ဆိုင်နေရပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးဝေထားကာ အသေး စိတ် အခြေအနေကို စာရင်းပြုစုနေကြောင်း ယင်းဌာနညွှန်ကြား ရေးမှူတစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် လတ်တလော မိုးကောင်းနေသလို နောက်နှစ်ရက်ခန့် အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သော ရေဘေးတွင် ရခိုင်ပြည်နယ်အတွင်း လူငါးဦးသေဆုံး ခဲ့သလို ၂၀၁၅ ဇူလိုင်အတွင်းက လည်း ရခိုင်ပြည်နယ်အနှံ့ ရေဘေး ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရသောကြောင့် အစိုးရအနေဖြင့်ကြိုတင် ပြင်ဆင်မှု ထိထိရောက်ရောက် လုပ်ဆောင်ထားသင့်ကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများက တိုက်တွန်း သည်။ လတ်တလောအခြေအနေတွင် ရခိုင်ပြည်နယ်အနှံ့ မိုးကောင်းနေပြီး ကျောက်တော်နှင့် မြောက်ဦး မြို့၌ ဇူလိုင် ၅ ၇က်က မိုးရေချိန် စံချိန်ကျိုးသည်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။


Leave a Reply