စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ မသမာမှုဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ပြော

စာရင်းစစ်ချုပ်ရုံး ၀န်ထမ်းများ မရိုးသားမှုနှင့် မသမာမှုများ ဆောင်ရွက်ပါက ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကပြောသည်။ ဇွန်လ ၁၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

‘‘သက်ဆိုင်ရာ ၀န်ကြီးဌာန တွေပိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းစနစ်တကျရှိရမယ်။ မသမာမှုဆိုတာ ပိုက်ဆံမယူတာ လေးတစ်ခုတည်းနဲ့ မသမာမှုမ ဟုတ်ဘူး။ ကိုယ်နဲ့ သင့်တဲ့သူကို မျက်နှာသာပေးတယ်။ အဲဒီလိုမျိုး ကိစ္စမျိုးကတော့ ကျွန်တော်လုပ် လာခဲ့တဲ့ကာလ (၂ နှစ်)အတွင်းမှာ သုံး၊လေးခုလောက်ရှိပါတယ်။ ငွေရေး ကြေးရေး ကဏ္ဍတော့ မတွေ့ဘူး။ တွေ့ရင်လည်း ထိထိရောက်ရောက် အရေးယူသွားမယ်’’ဟု ၎င်းကပြောသည်။

မေလ ၅ ရက်က ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဦးဆောင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်သုံးခြင်း ရှိ၊ မရှိ စစ်ဆေးပေးရန် ညွှန်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု၊ ယိုဖိတ်မှု၊ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိပါက ကျောသားရင်သားမခွဲခြားဘဲ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံသို့ အစီရင်ခံတင် ပြစေလိုကြောင်း ယင်းနေ့တွေ့ဆုံမှုတွင် လမ်းညွှန်မှာကြားသည်။ ထိုသို့ လမ်းညွှန်မှာကြား ချက်များကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖွဲ့အနေဖြင့် ယခင်က ၀န်ကြီးဌာနများ၏ အရအသုံးမှန်းခြေငွေစာရင်းကို စစ်ဆေး ပေးခဲ့ရသော်လည်း ယခုအခါဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များကိုပါ စစ်ဆေးနေပြီဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်က ဆက်လက်ပြောကြားသည်။

 ‘‘ပြည်သူ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။ ထို့အပြင် ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံးအနေဖြင့် ယခင် အစိုးရလက်ထက်တွင် ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ သုံးစွဲမှုများ လုပ်ထုံးလုပ်နည်းနှင့်မညီမှုများ တွေ့ရှိရသဖြင့် စစ်ဆေးချက်များကို နိုင်ငံတော်သမ္မတထံသို့ ပေးအပ် ထားကြောင်း ဦးမော်သန်းက ပြောသည်။