မျက်လုံးဒဏ်ရာကြောင့် ဖိုးသော် လာမည့် MMA ပြိုင်ပွဲ လွဲချော်မည်

လေ့ကျင့်ရေးတွင် ရရှိသည့် မျက်လုံးဒဏ်ရာကြောင့် ယခုလအတွင်း ရန်ကုန်မြို့၌ကျင်းပမည့် MMA (One Champion-ship) ပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း MMA ကစားသမား ဖိုးသော်က ပြောသည်။

ဖိုးသော်သည် ပြီးခဲ့သည့် မေလဆန်းတွင် ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ညာဘက်မျက်လုံးအတွင်းပိုင်း ဒဏ်ရာ ရရှိကာ လက်ရှိတွင် ခွဲစိတ်ကုသထားပြီး တစ်လခန့်  အနားယူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဒဏ်ရာကြောင့် ဖိုးသော်သည် SPIRIT of a WARRIOR အမည်ဖြင့် ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ မည့် MMA (One Championship) ပြိုင်ပွဲကို လွဲချော်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် လက်ရှိချန်ပီယံအောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အခြားတွဲဆိုင်းများကိုမူ One Championship ကထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

‘‘ပြိုင်ပွဲအတွက် လေ့ကျင့်ရင်း မထင်မှတ်ဘဲ မျက်လုံးအိမ်အောက်ကအရိုး  ထိခိုက်မိတာပါ။ အခု ခွဲစိတ်မှုပြုလုပ်ပြီး ကျိုးသွားတဲ့ အရိုးနေရာကို တိုက်တေနီယံသတ္တုချောင်းလေးနဲ့ အစားထိုးထား ရတယ်။ အခုတော့ ဒဏ်ရာက သက်သာပါတယ်။ အမြင်တော့ သိပ်မကောင်းသေးဘူး’’ဟု ဖိုးသော်က ပြောသည်။

သို့သော် ယခုနှစ်စက်တင်ဘာအတွင်း ရန်ကုန်မြို့၌ ကျင်းပမည့် MMA ပြိုင်ပွဲကိုမူ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အသက် (၃၃)နှစ် ရှိ ဖိုးသော်သည် MMA ပြိုင်ပွဲတစ်လျှောက် ပြည်တွင်း ကစားသမားများနှင့် ငါးပွဲ၊ ပြည်ပကစားသမားနှင့်တစ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားရာ ရှုံးပွဲမရှိသေးဘဲ ခြောက်ပွဲစလုံး အနိုင်ရရှိထားသည်။ 

7Days