ကုလလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့်အကြီးအကဲ ရခိုင်ပြည်နယ်သို့သွားရောက်

မစ္စအာရ်ဆူလာမူလာ ဧပြီ ၄ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ − အေအက်ဖ်ပီ) 

 Friday, April 6, 2018

 ကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး အာရ်ဆူလာမူလာသည် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအတွက် ဆောက်လုပ် ထားသည့် ယာယီခိုလှုံတဲများသို့ ဧပြီ ၄ ရက်တွင် ရောက်ရှိကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်း ရေးမှူး အာရ်ဆူလာမူလာသည် ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် မောင်တောမြို့နယ်သို့ သွားရောက်၍ ပြည်နယ် အစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသားအချို့နှင့် ဘင်္ဂါလီအချို့ကို တွေ့ဆုံခဲ့သည်။

၎င်းသည် ဧပြီ ၄ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်းနှင့် အောင်မင်္ဂလာ ရပ်ကွက်ရှိ ဘင်္ဂါလီအချို့နှင့်တွေ့ဆုံခဲ့သည် ဟု သတင်းရင်းမြစ်များက ပြောသည်။

‘‘စားသောက်ရေးနှင့် နေရေး ထိုင်ရေးတွေကို မေးသွားတယ်။ တခြားထွေထွေထူးထူးတော့ သိပ် မမေးပါဘူး’’ဟု ဒါးပိုင်ကယ်ဆယ် ရေးစခန်းမှ ဘင်္ဂါလီတစ်ဦးက ပြောသည်။

ထို့နောက် အာရ်ဆူလာမူလာသည် ဧပြီ ၅ ရက်က မောင်တောမြို့နယ်ရှိ ကိုင်းကြီး(မြို)ရွာ၊ ပန်းတောပြင် (ဘင်္ဂါလီ) ကျေးရွာ၊ ရွှေဇား (ဘင်္ဂါလီ) ကျေးရွာနှင့် လှဖိုးခေါင်ကျေးရွာများသို့ သွားရောက်ကာ ပြန်လည်နေရာချထား ရေးလုပ်ငန်းများလေ့လာခဲ့သည်။

ပန်းတောပြင်နှင့် ရွှေဇား ကျေးရွာရှိ ဘင်္ဂါလီများသည် အကြမ်းဖက်မှု ဖြစ်သွားသော်လည်း အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသူများ ဖြစ်သည်။

 ဧပြီ ၂ ရက်တွင် စတင်ခဲ့ သော ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ရောက် ရှိစဉ် မစ္စအာရ်ဆူလာ မူလာက ၎င်း မြင်တွေ့ရသည့် အခြေအနေများသည် အလွန်အံ့သြစရာကောင်းကြောင်းနှင့် ယာယီခိုလှုံတဲများ တွင် နေထိုင်သူအချို့၏အခက်အခဲများကို တွစ်တာတွင် ထုတ်လွှင့် ခဲ့သည့် ဗီဒီယို၌ ထည့်သွင်းပြော ကြားသည်။

လွတ်လပ်စွာ သွားလာခြင်း မရှိခြင်းက  အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတားအဆီးကဲ့သို့ ဖြစ်နေကြောင်းနှင့် လွန်ခဲ့သည့် ခြောက်နှစ်က ဖြစ်ခဲ့သည့် ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးခဲ့ရသူများ စားဝတ် နေရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နေကြောင်း ၎င်းက ပြောသည်။

‘‘ဒီလိုအခြေအနေကြားမှာ ဂုဏ်သိက္ခာကို မငဲ့ဘဲ သူတို့ ခြောက်နှစ်တာ ကာလတစ်လျှောက် ခံနိုင်ရည်ရှိခဲ့တာက လည်း တကယ့်ကို ထူးခြားလှပါတယ်။ သူတို့မှာရှိနေတဲ့ တစ်ခုတည်းသော ဆန္ဒကတော့ သူတို့ရဲ့ အရင်အိမ်တွေကို ပြန်နိုင်ဖို့၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေ ရရှိဖို့ပဲ ဖြစ်ပါတယ်’’ ဟု မစ္စအာရ်ဆူလာမူလာက ပြောသည်။

 ကုလလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့် အကြီးအကဲ၏မြန်မာပြည်ခရီးစဉ်သည် ဧပြီ ၈ ရက်အထိဖြစ်ပြီး တစ်ပတ်ကြာ မြင့်မည်ဖြစ်ကာ ခရီးစဉ်ရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘေးဒုက္ခများ၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မှု အခြေအနေများကို ကိုယ်တိုင်တွေ့မြင်၊ သိရှိနိုင်ရန်နှင့် အကူအညီပေးရေးလုပ်ငန်းများတွင် ပါဝင်သည့် အဖွဲ့အ စည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ပြန်လည်တုံ့ပြန်နိုင်မည့် နည်းလမ်းရှာဖွေရန် ဖြစ်ကြောင်း ကုလသမဂ္ဂဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက မတ်လ ၃၁ ရက်တွင်  သတင်းထုတ်ပြန် သည်။

ခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်မည့် အစည်းအဝေးများသို့ တက်ရောက်  မည်ဖြစ်ကာ နေရပ် စွန့်ခွာတိမ်း ရှောင်သူစခန်းများသို့ သွားရောက်မည်ဖြစ်ကြောင်း ပါဝင်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စအာရ်ဆူလာမူလာတို့ ဧပြီ ၃ ရက်တွင်  နေပြည်တော်၌ တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှုအ ကူအညီပေးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ ပညာရေး၊ အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ရေး နှင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့် တင်ရေးနည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

မစ္စအာရ်ဆူလာမူလာသည် မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် အာဆီယံ – ကုလသမဂ္ဂ နှစ်ပတ်လည်ဒေသဆိုင်ရာ အစည်းအဝေးတက်ရောက်ရန် ခရီးဆက်မည်ဖြစ်ကာ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။