အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် NDAA ဥပဒေက အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) က အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ကြောင်း ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ‘BURMA Act of 2022’ အား ထည့်သွင်းခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အထက်ဖော်ပြပါအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ကြောင်း၊ ထို့ပြင်အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG၊ NUCC၊ CRPHနှင့် PDF များအား ကူညီထောက်ပံ့မှုများသည် အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက် ရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar-IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြပါရှိသည့် သံတမန်စာကို ဒီဇင်ဘာ ၁၃ ရက်တွင် မြန်မာသံရုံး ၀ါရှင်တန်မြို့မှတစ်ဆင့် ပေးပို့ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး ယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန မြန်မာနိုင်ငံတာဝန်ခံညွှန်ကြားရေးမှူးထံ ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်သွယ်၍ တရားဝင် ထပ်မံကန့်ကွက်ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူနိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်း ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms.Deborah C.Lynn အား ဒီဇင်ဘာ ၁၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)သို့ ဆင့်ခေါ်တွေ့ဆုံ၍ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် သံတမန်စာ (မူရင်း) အား လက်ရောက်ပေးအပ်ခြင်းဖြင့် မြန်မာဘက်မှ တုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် Burma Act ပါဝင်သည့် အမေရိကန်ကာကွယ်ရေးဌာန၏ဧရာမကာကွယ်ရေး အသုံးစရိတ် ဥပဒေမူကြမ်းဖြစ်သောအမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ NDAA တွင်ပါဝင်သည့် Burma Act အရ  အမေရိကန်အစိုးရ အသုံးစရိတ်ထဲမှ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀ နှင့် ငါးနှစ်စာချထား ပေးရန် လည်း‌ကောင်း၊ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း၂၂၀ ပေးရန်လည်းကောင်း ပါဝင်ပြီး မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှနေ၍ ၂၀၂၇ ခုနှစ်အထိ  အကူအညီများ ရရှိမည်ဖြစ်သည်။ ယင်းဥပဒေအရ NUG၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) များအပါအဝင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသောအဖွဲ့အစည်းများကို နည်းပညာနှင့် လူကိုသေစေနိုင်ခြင်းမရှိသော အရာများကို ထောက်ပံ့ကူညီပေးရန် ကိစ္စရပ်များပါရှိသည်။ NDAA တွင်ပါဝင်သည့် Burma Act ကို ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်က ပြုလုပ်သော အောက်လွှတ်တော်အစည်းအဝေးတွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ နယူးယောက်ပြည်နယ်လွှတ်တော်အမတ် ဂရီဂိုရီမိခ်တင်သွင်းခဲ့ခြင်းဖြစ်ပြီးနောက် NDAA ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင်  အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြီးခဲ့ပြီးအထက်လွှတ်တော်ကို တင်ပြရာ ဒီဇင်ဘာ ၁၆ ရက်တွင် အထက်လွှတ်တော်က အတည်ပြုကာ ယခုကဲ့သို့ သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။